ကယားပြည်နယ် ဖရူဆိုမြို့နယ် တောင်တန်းများပေါ်ရှိ ကျေးရွာများမှာ မိုးခေါင်သည့်အပြင် ရေထွက်များမှ ရေအကျနည်းသောကြောင့် သောက်သုံးရေ ခက်ခဲလျက်ရှိကြောင်း ဒေသခံများနှင့် ကယားဒီမိုကရက်တစ် ပါတီမှ သိရသည်။
“အခုသွားတဲ့ရွာတွေမှာ မိုးကိုမရွာသေးတာဗျ။ သူတို့ပြောတယ်။ ရွာတယ်ပေါ့။ မှုန်မှုန်လေးပဲ။ အပင်လည်း စိုက်လို့မဖြစ် ရေလည်းမရ ဖြစ်နေတယ်တဲ့။ ကျွန်တော်တို့ သွားမလှူတဲ့ခါကျရင် တချို့လူငယ်တွေကျတော့ ဆိုင်ကယ်နောက်ပုံး နှစ်လုံး၊ သုံးလုံး ချည်ပြီးတော့ ရေရှိတဲ့နေရာ သွားယူပေါ့။ တချို့ထော်လာဂျီရှိတဲ့ လူတွေကျတော့လည်း ဖရူဆိုဘက် ထင်းရောင်းတာတို့ ဘာတို့သွားရင်းနဲ့ ရေခပ်ပြန်တာတွေများတယ်။ ဆိုင်ကယ်တွေက အိမ်တိုင်းနီးနီးရှိတဲ့ အခါကျတော့ အနည်းဆုံး ခြောက်မိုင်လောက်ဝေးတဲ့ နေရာအထိ ရေသွားခပ်ကြတာပေါ့။ သွားရင်းလာရင်းလည်း ရေခပ်ပြန်လာကြတာလည်း တွေ့တယ်။ ဖရူဆိုမြို့ကလည်း ဒီနှစ်ရေသိပ် မရှိဘူးလေ” ဟု ကယားဒီမိုကရက်တစ်ပါတီမှ စောညွန့်ရွှေက ပြောကြားသည်။
ဖရူဆိုမြို့နယ်သည် နွေရာသီတွင် ရေခက်ခဲမှု အများဆုံး မြို့နယ်ဖြစ်ပြီး တောင်ကုန်း တောင်တန်း ပေါများသောကြောင့် ရေအလှူကားများမှာလည်း သွားလာရ ခက်ခဲကြောင်း၊ ရေထွက်ပေါက်ကိုသာ မှီခိုအသုံးပြု နေရသောကြောင့် တစ်နှစ်ထက်တစ်နှစ် ရေထွက်နည်းလာသည့်အပြင် အချို့ရေထွက်များမှာ ဆောင်းရာသီ ကတည်းကပင် ခန်းလာသည်ကို တွေ့ရကြောင်း သိရသည်။
“တောင်ပေါ်ရွာမပြောနဲ့ ကျွန်မတို့ ဖရူဆိုမြို့ပေါ်တောင် မနှစ်ကထက် ဒီနှစ်ဆို ရေထွက်ကနည်းလို့ ဘုန်းကြီးကျောင်းမှာ ရေသွားခပ်ကြ ချိုးကြ လုပ်နေရတယ်။ နှစ်တိုင်းတော့ အစိုးရက ရေပေးဝေရေး စီမံကိန်းလုပ်တယ် ကြားတာပဲ။ သေချာ အတိအကျ ဘာမှမသိပါဘူး။ ဒီနှစ်မိုးကလည်းခေါင်၊ လေပူတွေပဲ တိုက်နေတာ။ အခုထိ မိုးကောင်းကောင်း တစ်ခါပဲ ရွာသေးတယ်” ဟု ဖရူဆိုမြို့ပေါ်နေ ဒေါ်မိုးသီတာက ပြောကြားသည်။
ဖရူဆိုမြို့နယ်တွင် ဌာနေတိုင်းရင်းသားဖြစ်သော ကယားနှင့် ကယောလူမျိုးများ အများဆုံး နေထိုင်ကြပြီး မိုးရေကိုသာ အားထားရသည့် တောင်ယာသီးနှံအဖြစ် စပါးနှင့် မြေပဲကိုသာ အဓိကထား စိုက်ပျိုးအသက်မွေးကြရပြီး ယခင်နှစ်ကလည်း မိုးခေါင်ပြီး သီးနှံအထွက် မကောင်းသောကြောင့် စားဝတ်နေရေး ခက်ခဲကြောင်း သိရသည်။
ကျေးလက်ရေရှိရေး ရန်ပုံငွေစီမံကိန်းဖြင့် ကွိုင်ငံရေထွက်ပေါက်ရေကို အသုံးပြုကာ ဖရူဆိုမြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်နှင့် ရေရှားပါးသော ကျေးရွာ ၂၈ ရွာအား ရေပေးဝေရန်အတွက် စီမံကိန်းဆောင်ရွက်နေပြီး ရေထွက်ပေါက် အနီးအနားရှိ ကျေးရွာ ၂၀ မှလည်း ရေထွက်ပေါက်အား အမှီပြုနေကြသောကြောင့် ၎င်းတို့အားလည်း ရေပေးဝေရန် တောင်းဆိုရာ စီမံချက် အစီအစဉ်ထဲတွင် မပါဝင်သောကြောင့် ကျေးရွာများမှ ကန့်ကွက်ထားခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်သည် တောင်ကုန်း တောင်တန်း ထူထပ်သောကြောင့် မြေပေါ်ရေဖြစ်သည့် မြစ်ချောင်း၊ ကန်၊ ရေထွက်များကိုသာ အဓိကထား သုံးစွဲနေရသည့်အပြင် မြေပြန့်ကျေးရွာ အများစုမှာလည်း မြေအောက်ရေဖြစ်သည့် အဝီစိတွင်း တူးမရသည့်အပြင် တူးရသည့် ရွာများမှာလည်း နွေရာသီတွင် ရေမထွက်ကြောင်း သိရသည်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ် တောင်တန်းများပေါ်ရှိ ကျေးရွာများမှာ နွေဦးရာသီ မတိုင်မီကစ၍ နှစ်စဉ်ရေရှားပါးမှုဒဏ် ခံကြရပြီး တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ ပရဟိတ အဖွဲ့များမှ အများဆုံး သွားရောက်ကူညီ ပေးနေကြရကြောင်း သိရသည်။















