လက်ရှိဘဏ္ဍာနှစ် ခုနစ်လကျော်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၈ သန်းကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၅၃၀ ခန့် ရရှိထားပြီး ပင်လယ်ရေကြောင်းမှ ၈၅ ရာခိုင်နှုန်းကျော်အထိ အများဆုံးတင်ပို့ထား

လက်ရှိဘဏ္ဍာနှစ် ခုနစ်လကျော်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၈ သန်းကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၅၃၀ ခန့် ရရှိထားပြီး ပင်လယ်ရေကြောင်းမှ ၈၅ ရာခိုင်နှုန်းကျော်အထိ အများဆုံးတင်ပို့ထား
 ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 26 May 2020

လက်ရှိဘဏ္ဍာနှစ် ခုနစ်လကျော်တွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၈ သန်းတင်ပို့မှုမှ ဒေါ်လာသန်း ၅၃၀ ခန့် ရရှိထားပြီး ပင်လယ်ရေကြောင်းမှ ၈၅ ရာခိုင်နှုန်းကျော်အထိ အများဆုံးတင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ကို ကိုးကားပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၈ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၈၁၁ သန်း တင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၅၂၇ ဒသမ ၈၆၆ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှတဆင့် တင်ပို့နေခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း ပင်လယ်ရေကြောင်းမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၅၅၀ သန်း တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၄၅၆ ဒသမ၂၇၄ သန်း ရရှိထားသည်။ ယင်းပမာဏသည် စုစုပေါင်း တင်ပို့မှု၏ ၈၅ ဒသမ ၆၀ ရာခိုင်နှုန်းအထိ ရှိသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သိန်းခြောက်သောင်းကျော် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၇၁ ဒသမ ၅၉၂ သန်း ရရှိထားသည်။ ယင်းပမာဏသည် စုစုပေါင်းတင်ပို့မှု၏ ၁၄ ဒသမ ၄၀ ရာခိုင်နှုန်းရှိသည်။

မြန်မာနိုင်ငံမှ ဆန်များရောင်းချပေးရန် တချို့နိုင်ငံများက ကမ်းလှမ်းမှုများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

မေလ ၁၃ ရက်က ပြုလုပ်သည့် ဆန်နှင့် ပဲမျိုးစုံ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့့် စိုက်ပျိုးရေးရာသီအမီ သွင်းအားစုဓာတ်မြေ သြဇာပိုးသတ်ဆေးများ လွယ်ကူလျှင်မြန်စွာ တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

COVID-19 Pandemic ကာလအတွင်း ဆန်နှင့် ဆန်ကွဲ ပို့ကုန်လိုင်စင်အတွက် လစဉ်ပင်လယ်ရေကြောင်းမှ တန်ချိန် တစ်သိန်းနှင့် နယ်စပ်လမ်းကြောင်းမှ တန်ချိန် ငါးသောင်း စုစုပေါင်းတန်ချိန်တစ်သိန်းခွဲအထိ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဧပြီ ၂၄ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

လက်ရှိ မေလအတွင်း ပြည်ပတင်ပို့မည့် ဆန်နှင့် ဆန်ကွဲတန်ချိန် တစ်သိန်းခွဲအား ပင်လယ်ရေကြောင်းမှ ကုမ္ပဏီ ၁၁၂  ခုနှင့် နယ်စပ်လမ်းကြောင်းမှ ကုမ္ပဏီ ၂၀၀ ခန့် စုစုပေါင်းကုမ္ပဏီ ၃၀၀ ကျော်တို့က သတ်မှတ်ခွဲဝေထားသော ပမာဏအတိုင်း တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သန်းခွဲခန့်အထိ တင်ပို့နိုင်မည့် အခြေအနေရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

“တစ်နှစ်ကို ဆန်တန်ချိန် နှစ်သန်းအထက် တင်ပို့နိုင်ခဲ့ပြီး ဒီနှစ်မှာ ၂ ဒသမ ၅ သန်းလောက်အထိ တင်ပို့နိုင်မယ့် အနေအထားဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

လက်ရှိ ၂၀၁၉ -၂၀၂ဝဘဏ္ဍာနှစ်သည် လာမည့် စက်တင်ဘာလတွင် ကုန်ဆုံးမည်ဖြစ်သည်။ ထို့ကြောင့် ဘဏ္ဍာနှစ် ကုန်ဆုံးရန် လေးလကျော် ကျန်ရှိနေသေးသည်။

Most Read

Most Recent