လက်ရှိဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှု လျာထားချက် ပြည့်မီရန် ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ လိုအပ်နေသေးသော်လည်း စိစစ်ဆဲ ရင်းနှီးမြှုပ်နှံမှုအသစ် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံနီးပါးနှင့် ကျန်ကာလအတွင်း ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် လျာထားချက်ပြည့်မီနိုင်ကြောင်း DICA ညွန်ချုပ် ပြောကြား

လက်ရှိဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှု လျာထားချက် ပြည့်မီရန် ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ လိုအပ်နေသေးသော်လည်း စိစစ်ဆဲ ရင်းနှီးမြှုပ်နှံမှုအသစ် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံနီးပါးနှင့် ကျန်ကာလအတွင်း ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် လျာထားချက်ပြည့်မီနိုင်ကြောင်း DICA ညွန်ချုပ် ပြောကြား
 စင်ကာပူရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
စင်ကာပူရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 26 May 2020
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု လျာထားချက်ပြည့်မီရန် ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ လိုအပ်နေသေးသော်လည်း ထပ်မံခွင့်ပြုပေးရန် ရင်းနှီးမြှုပ်နှံမှုအသစ် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံနီးပါးနှင့် ကျန်ကာလအတွင်း ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် လျာထားချက်ပြည့်မီနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန DICA ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၏ စတုတ္ထတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်းစာနှင့် ဖြေကြားမှုများတွင် ညွှန်ကြားရေးမှူးချုပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု လျာထားချက်မှာ ဒေါ်လာ ၅ ဒသမ ၈ ဘီလျံဖြစ်သည်။ လက်ရှိအချိန်အထိ ဒေါ်လာ ၃ ဒသမ ၄ ဘီလျံခွင့်ပြုပေးထားသဖြင့် လျာထားချက်ပြည့်မီရန် ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ လိုအပ်နေသေးသည်။

“အသစ်လျှောက်ထားမည့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၁ ဒသမ ၃ ဘီလျံနီးပါးရှိပြီး လိုအပ်ချက်များကို စစ်ဆေးနေပါတယ် ကျန်ရှိကာလများတွင် အသစ်လျှောက်ထားမယ့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးများပေါင်းပါက ရည်မှန်းချက် ရောက်ရှိနိုင်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

ပြီးခဲ့သည့် သုံးနှစ်တာကာလအထိ မြန်မာနိုင်ငံသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုအနေဖြင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အများဆုံးဖြစ်သော်လည်း ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးမှာ စင်ကာပူနိုင်ငံဖြစ်ပြီး တရုတ်၊ ထိုင်း၊ ဟောင်ကောင်နှင့် ဗြိတိန်တို့က အစဉ်လိုက် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း သိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာ့နိုင်ငံ အရေးအခြေအနေအရ အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ မျှော်မှန်း၍ မရသေးသော်လည်း အာရှစီးပွားရေး အင်အားကြီးနိုင်ငံများဖြစ်သည့် ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးတက်လာမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားထားသည်။

“ဂျပန်၊ တရုတ်၊ ကိုရီးယားရဲ့ ရင်းနှီးမြှုပ်နှံမှုအခြေအနေက ဆက်ပြီးကောင်းမယ်။ ကိုရီးယားက သူ့ရဲ့မူဝါဒကိုက ကိုရီးယားနိုင်ငံသားတွေကိုယ်ဆီ အာရှနိုင်ငံတွေ အာဆီယံနိုင်ငံတွေ သွားပြီးရင်းနှီးမြှုပ်နှံကြဖို့ လုပ်ထားတာရှိတော့ သူ့အစိုးရကိုယ်တိုင်က ဒီလိုအာဆီယံနိုင်ငံတွေမှာ သွားပြီး ရင်းနှီးမြှုပ်နှံမှု အားပေးတာရှိတယ်။ နောက်တစ်ချက်ကလည်း ကိုရီးယားက မြန်မာနိုင်ငံမှာ အစိုးရချင်းပူးပေါင်းပြီးတော့ စက်မှုဇုန်တွေ ထူထောင်နေတာရှိတယ်။ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးနဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မှု စာချုပ်ချုပ်ဆိုထားတာရှိတယ်။ အဲဒီစာချုပ်အရလည်း ကိုရီးယားနိုင်ငံသားတွေက မြန်မာနိုင်ငံမှာ လာပြီးရင်းနှီးမြှုပ်နှံဖို့အတွက် အများကြီး အားသာချက်တွေရှိတယ်။ ဒီအချက်ကြောင့် ကိုရီးယားက အားကောင်းမယ်။ ဒုတိယက ဂျပန်ကလည်း နှစ်နိုင်ငံအစိုးရဆက်ဆံမှုက တော်တော်လေးကောင်းနေတယ်။ ဂျပန်နိုင်ငံအစိုးရကလည်း မြန်မာနိုင်ငံကို အကူအညီအထောက်ပံ့အပြင် ရင်းနှီးမြှုပ်နှံမှုတွေသွားဖို့ ဆက်ပြီးအားပေးနေတယ်။ ဒါကြောင့် ဂျပန်ကလည်း ဆက်ပြီး အလားအလာကောင်းမယ်။ တရုတ်ကလည်း အားလုံးသိပြီးသား။ တရုတ် - မြန်မာစီးပွားရေးစင်္ကြံဆိုတာ မကြာခင်ဆက်ပြီး အကောင်အထည်ဖော်ဖို့ရှိတယ်။ အဲဒီစီးပွားရေးစင်္ကြံအရ စီမံကိန်းအကြီးကြီးတွေ အခြေခံအဆောက်အအုံနဲ့ ပတ်သက်တဲ့ စီမံကိန်းအကြီးကြီးတွေ ဝင်လာဖို့ရှိတယ်။ တရုတ်နိုင်ငံကလည်း ဆက်ပြီးအခြေအနေကောင်းမယ်ပေါ့။ အမေရိကန်နဲ့ ဥရောပဘက်ကတော့ သိပ်ပြီးမျှော်မှန်းလို့မရသေးဘူး။ ဒါကတော့ လက်ရှိနိုင်ငံရေးအနေအထားရ မျှော်မှန်းလို့မရသေးဘူးပေါ့နော်” ဟု အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။                        

 

Most Read

Most Recent