ဘဏ်များ၏လုံခြုံရေးအတွက် နိုင်ငံတကာဘဏ်များကျင့်သုံးနေသည့် အရေးပေါ်အချက်ပေးစနစ်များ တပ်ဆင်ထားရှိရေးအတွက် တိုက်တွန်းထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား

ဘဏ်များ၏လုံခြုံရေးအတွက် နိုင်ငံတကာဘဏ်များကျင့်သုံးနေသည့် အရေးပေါ်အချက်ပေးစနစ်များ တပ်ဆင်ထားရှိရေးအတွက် တိုက်တွန်းထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 25 May 2020
ပြည့်ဖြိုးအောင်

ဘဏ်များ၏လုံခြုံရေးအတွက် နိုင်ငံတကာဘဏ်များ ကျင့်နေသည့် အရေးပေါ်အချက်ပေးစနစ်များ တပ်ဆင်ထားရှိရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တိုက်တွန်းထားကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားသည်။

မေ ၂၅ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တာမွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးဝင်း၏ အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် ငွေထုတ်ငွေသွင်းလာကြသော ပြည်သူများနှင့် ဘဏ်လုပ်ငန်းများ ဘေးကင်းလုံခြုံရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးခွန်းနှင့် ဆက်စပ်မေးမြန်းရာတွင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက  ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ထပ်တိုးလုံခြုံရေး အစီအစဉ်များအဖြစ် နိုင်ငံတကာဘဏ်များမှာ ကျင့်သုံးတဲ့ အရေးပေါ်အချက်ပေးစနစ် (Alarm Bell System) များ တပ်ဆင်ထားရှိရေး အစီအစဉ်များကို သင့်လျော်သလို ချမှတ်ကျင့်သုံးသွားစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တိုက်တွန်းထားရှိပါတယ်” ဟု ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားသည်။

ထို့ပြင် ဘဏ်ခွဲဖွင့်လှစ်ရေးအတွက် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းမှ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုရှိကြောင်းနှင့် ဖွင့်လှစ်မည့်ဘဏ်အတွက ်လုံခြုံမှုရှိကြောင်း ထောက်ခံချက်စသည့်တို့ကို ဘဏ်ခွဲဖွင့်လှစ်ခွင့်ပြုရန် လျှောက်ထားရာတွင် ပါဝင်မည့်အချက်များကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက ထုတ်ပြန်ထားကြောင်း၊ ဘဏ်ခွဲဖွင့်လှစ်ခွင့်ပြုရန် လျှောက်ထားသည့် အင်္ဂါပြည့်စုံစွာ ထည့်သွင်းဖော်ပြရမည့် အချက်ခြောက်ချက်တွင် လုံခြုံရေးစီမံချက် ပါဝင်မည်ဖြစ်ကြောင်းကိုလည်း ဗဟိုဘဏ်က ထုတ်ပြန်ထားကြောင်း ဦးစိုးမင်းက ပြောကြားသည်။

“ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ဘဏ်ခွဲများရဲ့ စီးပွားရေးအရ ဖြစ်နိုင်ခြေသုံးသပ်ချက်၊ ဒေသဆိုင်ရာစီးပွားရေး အထောက်အကူပြုမှု၊ ဘဏ်လုံခြုံရေး၊ ငွေထုတ်ငွေသွင်း လာကြသော ပြည်သူများနဲ့ ဘဏ်လုပ်ငန်းများ စိစစ်သုံးသပ်ပြီးမှ ဘဏ်ခွဲများ ဖွင့်လှစ်ခွင့်ပြုခြင်း ဖြစ်ပါတယ်” ဟု ဦးစိုးမင်းက ပြောကြားသည်။

ဘဏ်များအနေဖြင့် ငွေသွင်းငွေထုတ် လာကြသော ပြည်သူများအားလုံး ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဘဏ်လုံခြုံရေး ဝန်ထမ်းများထားရှိ၍ စောင့်ကြပ်စေခြင်း၊ နေ့စဉ်ဘဏ်သို့ လာရောက်သည့် ပြည်သူများ၏ အဝင်အထွက်မှတ်တမ်းများထားရှိ၍ စောင့်ကြည့်စေခြင်း၊ ဘဏ်အဆောက်အအုံ ပတ်ဝန်းကျင်နှင့် ဝန်ဆောင်မှုပေးသော နေရာဌာနများတွင် CCTV ကင်မရာများ၊ တပ်ဆပ်စောင့်ကြည့်ခြင်း၊ အဓိကဝင်ပေါက်တစ်ပေါက်သာထားရှိပြီး Banking Hour ကုန်ဆုံးသည်နှင့် သော့ခတ်၍ပိတ်ခြင်း၊ ဘဏ်ဝန်ထမ်းများမှလည်း လုံခြုံရေးအတွက် ဂရုပြုစောင့်ကြည့်ခြင်း၊ နေ့/ညလုံခြုံရေးဝန်ထမ်းများ ထားရှိခြင်းနှင့် လုံခြုံရေးနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများမှ အခါအားလျော်စွာထုတ်ပြန်သော ညွှန်ကြားချက်များကို လိုက်နာစေခြင်း၊ လုံခြုံရေးစီမံချက်များ ရေးဆွဲထားရှိစေခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ဦးစိုးမင်းက ပြောကြားသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ် ဦးတိုးဝင်းက ဘဏ်ကြီးနှင့် အခြားပုဂ္ဂလိကဘဏ်များတွင် လုံခြုံရေးအစီအစဉ်များ ထားရှိသော်လည်း မြန်မာ့စီးပွားရေးဘဏ်များ လုံခြုံရေးမရှိသဖြင့် မည်သို့စီမံထားရှိမည်ကို သိလိုကြောင်း ဆက်စပ်မေးခွန်း မေမြန်းခဲ့သည်။

အဆိုပါ ဆက်စပ်မေးမြန်းမှုနှင့်ပတ်သက်၍ ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက “ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ယခုလုံခြုံရေး အစီအမံများကို ဘဏ်များက ဆောင်ရွက်နိုင်ရန်အတွက် လမ်းညွှန်ကြီးကြပ်ခြင်းကို ဆောင်ရွက်ပါတယ်။ တကယ်တမ်းက ဘဏ်တွေက ကိုယ့်ရဲ့ငွေကြေးလုံခြုံရေး၊ ကိုယ့်ဝန်ထမ်း လုံခြုံရေး၊ ငွေသွင်းငွေထုတ်ပြုတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဘဏ်တွေကိုယ်တိုင်က ဆောင်ရွက်ရတာဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးဘဏ်အနေနဲ့ လုံခြုံရေးဝန်ထမ်းတွေ ခန့်ထားမှုမရှိဘူးဆိုတာ ဘတ်ဂျက်ပါသော်လည်း ပုဂ္ဂလိကဘဏ်နဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများနဲ့ ဆောင်ရွက်ဖို့ဆိုတဲ့ကိစ္စမှာတော့ ဘတ်ဂျက်အကန့်အသက်ရှိတယ်။ ကျွန်တော်တို့  အစိုးရဝန်ထမ်းတွေရဲ့ ခန့်ထားမှု စည်းမျဉ်းအကန့်အသတ်ရှိတဲ့အကြောင်း တင်ပြလိုပါတယ်။ ဘဏ်တွေကတော့ မိမိတို့ရဲ့လုံခြုံရေးအတွက် ဗဟိုဘဏ်က ကြီးကြပ်ခြင်းသာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်များအား ကြီးကြပ်ကွပ်ကဲရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေနှင့် စည်းမျဉ်းဥပဒေများအား လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ ဘဏ်များသို့ သွားရောက်စစ်ဆေးခြင်းနှင့် ဘဏ်များမှ ပေးပို့လာသော အစီရင်ခံစာများကို စိစစ်သုံးသပ်ခြင်း (Off-Site Examination) တို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဘဏ်များအနေဖြင့် အထက်ပါ သတ်မှတ်ချက်များကိုနှင့် ကိုက်ညီခြင်း ရှိ မရှိ နှင့် အားနည်းမှုရှိသည့်ကိစ္စများကို အစဉ်တစိုက်ထောက်ပြ၍ တိုးတက်ကောင်းမွန်မှု ရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း ဦးစိုးမင်းက ပြောကြားသည်။

Most Read

Most Recent