အရက်၊ ဘီယာ၊ စီးကရက်နှင့် တည်ဆဲဥပဒေအရ ကန့်သတ်ထားသောပစ္စည်းများကို ပြည်ပမှ တင်သွင်းခွင့်မပြုသော ကုန်ပစ္စည်းများအဖြစ် သတ်မှတ်ထားရာမှ အရက်ကို စတင် တင်သွင်းခွင့်ပြု

အရက်၊ ဘီယာ၊ စီးကရက်နှင့် တည်ဆဲဥပဒေအရ ကန့်သတ်ထားသောပစ္စည်းများကို ပြည်ပမှ တင်သွင်းခွင့်မပြုသော ကုန်ပစ္စည်းများအဖြစ် သတ်မှတ်ထားရာမှ အရက်ကို စတင် တင်သွင်းခွင့်ပြု
ပြည်တွင်းရှိ အရက်ချက်စက်ရုံတစ်ခု၏ ထုတ်လုပ်မှုလုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)
ပြည်တွင်းရှိ အရက်ချက်စက်ရုံတစ်ခု၏ ထုတ်လုပ်မှုလုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)
Published 25 May 2020

အရက်၊ ဘီယာ၊ စီးကရက်နှင့် တည်ဆဲ ဥပဒေအရ ကန့်သတ်ထားသောပစ္စည်းများကို ပြည်ပမှတင်သွင်းခွင့်မပြုသော ကုန်ပစ္စည်းများအဖြစ် သတ်မှတ်ထားရာမှ အရက်ကို ပြည်တွင်းသို့စတင် တင်သွင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မေ ၂၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။

“ယခုထုတ်ပြန်ချက်အရ ယခင်က အမိန့် ကြော်ငြာစာအမှတ် (၈/၂၀၁၃) နဲ့ ပြည်ပမှတင်သွင်းခွင့်မပြုသော ကုန်ပစ္စည်းများ အဖြစ် သတ်မှတ်ထုတ်ပြန်ထားတဲ့ “အရက်၊ ဘီယာ၊ စီးကရက်နဲ့ တည်ဆဲဥပဒေအရ ကန့် သတ်ထားသောပစ္စည်းများ” အနက် အရက်အား တင်သွင်းခွင့်ပြုလိုက်ပါတယ်။ ဒါကြောင့် လက်ရှိမှာ ပြည်ပမှ တင်သွင်းခွင့်မပြုသော ကုန်ပစ္စည်းများအဖြစ် ယခုအမိန့်ကြော်ငြာစာ မှာပါတဲ့အတိုင်း (က) ဘီယာ၊ (ခ) စီးကရက်နဲ့ (ဂ) တည်ဆဲဥပဒေအရ ကန့်သတ်၊ တားမြစ် ထားသည့် ကုန်ပစ္စည်းများသာ ကျန်ရှိပါတော့ တယ်။ အရက်တင်သွင်းလိုသူ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် အရက်တင်သွင်း ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အမိန့် ကြော်ငြာစာအမှတ် (၃၉/၂၀၂၀) ပါ သတ် မှတ်ချက်များနဲ့အညီ ဆောင်ရွက်နိုင်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ၎င်းအသုံးပြုသည့် လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာနိုင်ငံတွင် ယခင်က ၀ိုင်တင်သွင်းမှုကို ကန့်သတ်ထားသော်လည်း ၂၀၁၅ ခုနှစ် မတ် ၁၇ ရက်မှစတင် တင်သွင်းခွင့်ပြုခဲ့သည်။

ထိုသို့ တင်သွင်းခွင့်ပြုခဲ့သော်လည်း ၀ိုင်တင်သွင်းမှု၌ မှောင်ခိုတင်သွင်းမှုများ ရှိနေ သောကြောင့် ရသင့်ရထိုက်သည့်အခွန်၏ ငါးပုံတစ်ပုံခန့်သာ ရရှိနေပြီး အရက်တင်သွင်းမှု တရားဝင် ခွင့်ပြုထားခြင်းမရှိသော် လည်း တရားမဝင် တင်သွင်းနေမှုကြောင့် နိုင်ငံတော်က အခွန်ရာနှုန်းပြည့်နစ်နာနေရ ကြောင်းနှင့် ထိုသို့ အခွန်ပေးဆောင်ခြင်းမရှိ ဘဲ မှောင်ခိုတင်သွင်းကာ ရောင်းချနေသူများ နှင့် တရားဝင်အခွန်ထမ်းဆောင်ကာ ရောင်း ချနေရသူများအကြားမျှတသည့်တန်းတူယှဉ် ပြိုင်မှု (Level Playing Field) ဖန်တီးပေးစေလိုကြောင်း မြန်မာနိုင်ငံယမကာထုတ်လုပ် ဖြန့်ဖြူးသူများအသင်း (MLA – Myanmar Liquor Association) က နိုင်ငံ့တာဝန်ရှိသူ များထံ တင်ပြတောင်းဆိုထားသည်။

၀ိုင်များကို တရားဝင် တင်သွင်းခွင့် ပြုထားသော်လည်း ရသင့်ရထိုက်သည့် အခွန်၏ ငါးပုံတစ်ပုံခန့်သာ ရရှိနေခြင်းကြောင့် အရက်တင်သွင်းခွင့်မှ အခွန်အခများ ရရှိလာနိုင်မည် ဖြစ်သော်လည်း အခွန်အပြည့်အဝ ရရှိရေး ခက်ခဲမည်ဟု သုံးသပ်မှုများရှိနေသည်။ ထိုသို့ တရားမဝင် အရက်၊ ၀ိုင်တင်သွင်းမှုများကို တားဆီးနိုင်မှုအားနည်းနေသဖြင့် အခွန်ထမ်းဆောင်နေရသူနှင့် အခွန်ရှောင်နေသူများအကြား Level Playing Field ပျောက် ရှနေမှု အပေါ် အလေးထားဆောင်ရွက်ပေး စေလိုသောအချက်များအဖြစ် အချက်သုံး ချက်ကို လုပ်ဆောင်ပေးစေလိုကြောင်း MLA က တောင်းဆိုထားသည်။

အဆိုပါ အချက်များမှာ MLA သည် နိုင်ငံခြားအရက်များတင်သွင်းခြင်းကို မဆန့် ကျင်ဘဲ ဤစီးပွားရေးတွင် ပါဝင်ဆက်နွှယ်သူ အားလုံး အကြား တရားမျှတမှုနှင့် တန်းတူ ရည်တူ ယှဉ်ပြိုင်မှု Level Playing Field ဖော် ဆောင်ပေးရန်၊ Grey Maker ကြောင့် နှစ်စဉ်နှစ်တိုင်း နိုင်ငံတော်အစိုး၏ ဘဏ္ဍာငွေ ကျပ်ဘီလျံပေါင်းများစွာ ဆုံးရှုံးခြင်းအပေါ် အခွန်အခများ မှန်ကန်စွာပေးဆောင်ခြင်း မရှိသည့် ယှဉ်ပြိုင်သူများကို ပိုမိုတင်းကြပ်သည့် နည်းဥပဒေများ ချမှတ်ခြင်းဖြင့် ထိန်းချုပ်နိုင်ရန်နှင့် အထူးသဖြင့့် ယမကာ လုပ်ငန်းနယ်ပယ်တွင် ပိုမိုပွင့်လင်းမြင်သာ စွာ အကောင်အထည်ဖော်နိုင်ခြင်းနှင့် ပြည်ပသွင်းကုန်တန်ဖိုးဖြတ်ရာတွင် ပိုမိုပြတ်သား ရှင်းလင်းသော စည်းမျဉ်းဥပဒေများ တည်ဆောက်နိုင်ရေး လုပ်ဆောင်ပေးစေလိုသည်ဟု MLA က တောင်းဆိုထားသည်။

Most Read

Most Recent