ပညာရေးဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျက်များ အပြည့်အဝမသုံးစွဲဘဲ ပြန်လည်အပ်နှံခြင်းသည် တောင်းခံဘတ်ဂျက် အပြည့်အဝရရှိခြင်းမရှိသည့် ဘတ်ဂျက်အဖြတ်ခံရသော ဝန်ကြီးဌာနများ၊ စီမံကိန်းလုပ်ငန်းများကို နစ်နာစေကြောင်း တပ်မတော်သားကိုယ်စားလှယ် ဆွေးနွေး

ပညာရေးဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျက်များ အပြည့်အဝမသုံးစွဲဘဲ ပြန်လည်အပ်နှံခြင်းသည် တောင်းခံဘတ်ဂျက် အပြည့်အဝရရှိခြင်းမရှိသည့် ဘတ်ဂျက်အဖြတ်ခံရသော ဝန်ကြီးဌာနများ၊ စီမံကိန်းလုပ်ငန်းများကို နစ်နာစေကြောင်း တပ်မတော်သားကိုယ်စားလှယ် ဆွေးနွေး
Published 23 May 2020
အောင်မင်းသိန်း

ပညာရေးဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျက်များ အပြည့်အဝမသုံးစွဲဖြစ်ဘဲ ပြန်လည်အပ်ခြင်းသည် တောင်းခံဘတ်ဂျက် အပြည့်အဝရရှိခြင်းမရှိသည့် ဘတ်ဂျက်ဖြတ်ခံရသော ဝန်ကြီးဌာနများ၊ စီမံကိန်းလုပ်ငန်းများ နစ်နာစေပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးမရှိဘဲ နစ်နာစေမှုဖြစ်ပေါ်နေခြင်းကို တွေ့ရကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောကြားသည်။

မေ ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၏မူနှင့် အခြေခံသဘောအပါအဝင် ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ လွှတ်တော်၌ ဆွေးနွေးရာတွင် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ပညာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ခွဲဝေရရှိမှုများကို ကြည့်လိုက်မယ်ဆိုရင် အမျိုးသားပညာရေးဥပဒေပုဒ်မ ၆၂ (က) မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း နိုင်ငံတော်ဘတ်ဂျက်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းအထိ ထောက်ပံ့ခွဲဝေပေးနိုင်အောင် နှစ်စဉ်တိုးမြှင့်ဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ပညာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်သုံးစွဲမှု အားနည်းချက်တွေ၊ ဘတ်ဂျက်ကို အပြည့်အဝ မသုံးစွဲဖြစ်ဘဲ ပြန်လည်အပ်နှံတာတွေကို တွေ့နေရခြင်းဟာ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ၊ အမျိုးသား စီမံကိန်းဥပဒေ၊ ပြည်သူ့ငွေကြေးစီမံခန့်ခွဲမှု ဥပဒေများပါ ရည်ရွယ်ချက်များဖြစ်တဲ့ ပြည်သူ့ဘဏ္ဍာကို ထိရောက်အကျိုးရှိစွာ သုံးစွဲရန်ဆိုတဲ့မူဝါဒနဲ့ ကိုက်ညီမှုမရှိဘဲ တောင်းခံဘတ်ဂျက် အပြည့်အဝရရှိခြင်းမရှိတဲ့ ဘတ်ဂျက် အဖြတ်ခံရတဲ့ ဝန်ကြီးဌာနများ၊ စီမံကိန်းလုပ်ငန်းများကို နစ်နာစေပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးမရှိဘဲ နစ်နာမှု ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ဆွေးနွေးခဲ့သည်။

ဘတ်ဂျက် ပြန်လည်အပ်နှံမှုများ ရှိနေခြင်းနှင့်ပတ်သက်၍ နောင်လာမည့် ဘတ်ဂျက်များတွင် ယင်းသို့ထပ်မံမဖြစ်ရန် မည်သို့ဆောင်ရွက်မည်၊ မည်သို့အခက်အခဲများ ရှိနေသည်ဆိုသည်ကို ပညာရေးဝန်ကြီးဌာနအနေနှင့် မူသဘောအရ လွှတ်တော်သို့ ရှင်းလင်းတင်ပြစေလိုကြောင်း ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောကြားသည်။

ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက “ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနရဲ့ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတောင်းခံရာမှာ ယခင်ဆောက်လက်စ ကျောင်းဆောင်သစ်တွေကို အပြီးသတ် လက်စသတ်ဖို့ဆိုတာ တွေ့ရပါတယ်။ အခုပဲ မေလဖြစ်နေပြီး နောက်လတွေမှာ မိုးရာသီကာလ ကျရောက်လာမှာ ဖြစ်လို့ ယခုတောင်းခံတဲ့ ဘတ်ဂျက်လုပ်ငန်းတွေဟာ မြေပြင်မှာပြီးအောင်လုပ်နိုင်ဖို့ အတော့်ကို တွန်းတွန်းတိုက်တိုက် လုပ်ရမယ်လို့ ထင်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။

အထက်ပါကဲ့သို့ အခြေအနေများကို ပညာရေးဝန်ကြီးဌာနအနေနှင့် ဖြစ်ပေါ်နေသည့် အခြေအနေမှန်နှင့် ဖြစ်ပေါ်နေသည့် အခက်အခဲများကို မှန်မှန်ကန်ကန် သုံးသပ်အဖြေရှာဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ထောက်ပြအကြံပြု ဆွေးနွေးခဲ့သည်။

 “ ဘတ်ဂျက်ကို ရနိုင်သလောက်တောင်း၊ မသုံးနိုင်ရင် ပြန်အပ်ဆိုတာမျိုး ဒါမှမဟုတ် ဘတ်ဂျက် ပြန်မအပ်ချင်လို့ဖြစ်သလို ကုန်အောင်သုံးလိုက်မယ်ဆိုတာမျိုးဟာ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်သုံးစွဲရတဲ့ နိုင်ငံ့ဝန်ထမ်း အကြီးအကဲများရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုး မဟုတ်ပါဘူး။ ဘတ်ဂျက်ကို အမှန်တကယ် လိုအပ်သလောက် တောင်းခံပြီးလုပ်ငန်းများ ပြီးမြောက်အောင် သုံးစွဲဆောင်ရွက်နေခြင်းသည်သာ နိုင်ငံတော်နဲ့ ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိမှာ ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောကြားသည်။

ဝန်ကြီးဌာနအချို့သည် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးအောင် မဆောင်ရွက်နိုင်ဘဲ အပြည့်အဝမသုံးစွဲနိုင်ခဲ့သည့် အသုံးစရိတ်များကို ပြန်လည်အပ်နှံပြီးမှ မီရာဘတ်ဂျက်တွင် ပြန်တောင်းခြင်းသည် တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းနှင့် ကိုက်ညီသော်လည်း ဘတ်ဂျက်အနှစ်သာရကို ထိခိုက်စေခြင်း၊ နိုင်ငံတော်စီးပွားရေး အခြေခံအဆောက်အအုံ တည်ဆောက်ရေးတွင် နှောင့်နှေးစေခြင်းများ ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံကိန်းများအတွက် မျက်ခြေမပြတ် စောင့်ကြည့်ပြင်ဆင်ဆောင်ရွက်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်ထွန်းကလည်း အထက်ပါအစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ထည့်သွင်း ဆွေးနွေးခဲ့သည်။

Most Read

Most Recent