ဒသမတန်းသင်ရိုးပါ ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်တွင် ရေးသားချက်အချို့သည် ကျန်းမာရေးနှင့် လိင်ပညာပေးအစား လိင်စိတ်နှိုးဆွသည့်သဘောဆန်နေသည့်အတွက် သင်ခန်းစာများကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းကြောင်း ပြည်ခိုင်ဖြိုးပါတီက တင်သွင်းသည့်အဆို လွှတ်တော်တင်ခွင့်မရ

ဒသမတန်းသင်ရိုးပါ ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်တွင် ရေးသားချက်အချို့သည် ကျန်းမာရေးနှင့် လိင်ပညာပေးအစား လိင်စိတ်နှိုးဆွသည့်သဘောဆန်နေသည့်အတွက် သင်ခန်းစာများကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းကြောင်း ပြည်ခိုင်ဖြိုးပါတီက တင်သွင်းသည့်အဆို လွှတ်တော်တင်ခွင့်မရ
Published 21 May 2020
အောင်မင်းသိန်း

အခြေခံပညာ ဒသမတန်းသင်ရိုးပါ ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်တွင် အချို့အခန်းများမှ ရေးသားချက်အချို့သည် ကျန်းမာရေးနှင့် လိင်ပညာပေးအစားလိင်စိတ်နှိုးဆွသည့် သဘောဆန်နေခြင်းနှင့် မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီခြင်းမရှိဟူ၍ ဆရာမိဘများနှင့် ပြည်သူများအကြား စိုးရိမ်ပူပန်မှုများဖြစ်ပွားပြီး လူမှုကွန်ရက်များတွင် ပြန့်နှံ့လျက်ရှိပါသဖြင့် ဤသင်ခန်းစာများကို ပြန်လည်သုံးသပ်ပြီး မြန်မာ့ယဉ်ကျေးမှုပတ် ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် ပယ်ဖျက်ခြင်း (သို့မဟုတ်) ပြင်ဆင်ခြင်းဖြင့် ဘက်စုံလွှမ်းခြုံသော ခေတ်မီပညာရေးကို ထိန်းကြောင်းပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို လွှတ်တော်သို့ တင်ခွင့်မရခဲ့ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မိတ္ထီလာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ပြောကြားသည်။

“ရည်ရွယ်ချက်ကတော့ တစ်ကတော့ ကျန်းမာရေးပညာပေးဟာ လိင်လှုံ့ဆော်သလိုမျိုး ဖြစ်နေလို့။ နှစ်က ဘာဖြစ်လဲဆိုလို့ရှိရင် ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့၊ ကိုယ့်ယဉ်ကျေးမှုနဲ့ သိပ်ပြီးတော့ လိုက်လျောညီထွေ မရှိသေးတဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြန်လည်ပြုပြင် သုံးသပ်ပေးဖို့ပါပဲ” ဟု ဒေါက်တာမောင်သင်းက ပြောကြားသည်။

အရေးကြီးအဆို၏ ကျိုးကြောင်းဖော် ပြချက်တွင် “အခြေခံပညာ ဒသမတန်းသင်ရိုးသစ်ပါ အခန်း (၄) ရောဂါကင်းဝေးကျန်းမာရေးနှင့် အခန်း (၅) မျိုးဆက်ပွား ကျန်းမာရေးနှင့် ဆယ်ကျော်သက်အရွယ်များ ပေါင်းသင်းဆက်ဆံရေးတို့တွင် လိင်မှုကိစ္စများကြောင့် ရောဂါဖြစ်ပွားစေသည့် ရောဂါအကြောင်း ပညာပေးကဏ္ဍများပါဝင်ကြောင်း၊ ရေးသားချက်အချို့သည် ပညာပေးအစား လူပျို၊ အပျိုဖော်များအတွက် လိင်ကိစ္စကို လက်တည့်စမ်းရန် လှုံ့ဆော်ပေးသကဲ့သို့ ဖြစ်နေကြောင်း၊ ဥပမာအားဖြင့် စာတွင်ပါသည့် အမျိုးသားများအနေဖြင့် ကွန်ဒုံးသုံးခြင်းဖြင့် ကိုယ်ဝန်မရစေရန် တားဆီးနိုင်ပါသည်နှင့် HIV နှင့် STI ပိုးများ ကူးစက်မှုကို ကာကွယ်ရန်အတွက် အကောင်းဆုံမှာ လိင်ဆက်ဆံခြင်းနှင့် မူးယစ်ဆေးသုံးခြင်းကို ရှောင်ကြဉ်ရန်ဖြစ်သည်။ အကယ်၍ မရှောင်နိုင်ပါက လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးရမည်တို့တွင် ကွန်ဒုံးကိုသုံး၍ လက်တည့်စမ်းနိုင်ကြောင်း သင်ကြားပေးသကဲ့သို့ ဖြစ်သွားနိုင်ပါသည်” စသည့်အချက်များ ပါဝင်သည်။

ထို့ပြင် မတော်လမ်းညွှန်ရေးမှုများကို တွေ့ရသလို သွေးသားဖြင့် အသက်မွေးမှုက ဝင်ငွေပိုကောင်းသည်ကို ဖော်ပြသလိုဖြစ်နေသော မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့်  အသက်မွေးမှုက ဝင်ငွေပိုကောင်းကြောင်း ဖော်ညွှန်းသကဲ့သို့ဖြစ်နေသော ဖော်ပြချက်များလည်း ဝင်နေကြောင်း၊ သင်ရိုးညွှန်းတမ်းသည် တည်ဆဲဥပဒေ၊ ရာဇသတ်ကြီးဥပဒေနှင့် ကိုက်ညီရမည်ဖြစ်သော်လည်း ယင်းကို ဆန့်ကျင်၍ လိင်တူဆက်ဆံမှုပြုသည့် အကြောင်းနှင့် လိင်တူဆက်ဆံရာတွင် ကွန်ဒုံးသုံးရမည်ဆိုသည့်အကြောင်း ပါရှိမှုသည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ ကို ဖောက်ဖျက်၍ သင်ကြားပေးရာရောက်သဖြင့် ဥပဒေကို ကျူးလွန်ခြင်းမည်ကြောင်းနှင့် ရာဇသတ်ကြီးပုဒ်မ ၃၇၇ သည် ယောကျ်ားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ မည်သူမဆို မိမိအလိုလျောက် ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင် ထိုသူကို တစ်သက်တစ်ကျွန်းဖြစ်စေ၊ ၁၀ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားကြောင်း အဆိုတွင် ဖော်ပြထားသည်။

အရေးကြီးဆုံးအချက်သည် လိင်မှုဆက်ဆံရေးကြောင့် ဖြစ်သွားသည့် အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်မှုများ၊ လိင်ဆက်ဆံရေးအကြောင်း၊ မျိုးပွားခြင်းအကြောင်းအရာများသည် လိင်အင်္ဂါများအကြောင်း၊ ယင်းနှင့်ဆက်စပ်သည့် လူလုပ်ပစ္စည်များအကြောင်း သင်ကြားပေးရမည့် အလုပ်ဖြစ်သဖြင့် ဟီရိသြတ္တပ္ပကို အလေးထားသည့်ဆရာနှင့် တပည့်အကြား၊ ဆယ်ကျော်သက်အရွယ်များကို မောင်နှင့်နှမ၊ သားနှင့်အမိ၊ ဆရာနှင့်တပည့်မ၊ ဆရာမနှင့် တပည့်ယောကျ်ားလေးများအကြား ယဉ်ကျေးမှုအရ မပြောအပ်သည့်စကား လုံးများသုံး၍ မည်သို့သင်ကြားပေးမည်နည်းနှင့် သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းကာ အသေးစိတ် ရေးသွင်းသင်ကြားမည့်အစား ဆရာဝန်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များမှ ပုဂ္ဂိုလ်များကို ဖိတ်ကြား၍ ကျား၊ မ သီးသန့်ဟောပြောစေမှုများကို ဆောင်ရွက်ခြင်းကသာ ပိုမိုထိရောက်စေမည်ဖြစ်သလို မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးမှ ကင်းဝေးစေနိုင်မည်ဖြစ်ကြောင်းလည်း အဆိုတွင် ဖော်ပြပါရှိသည်။

 

Most Read

Most Recent