ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များမှာ ပြောင်းလဲမှုများစွာမရှိခြင်းနှင့် ဘဏ္ဍာငွေ ကုန်ကျမှု အခြေအနေများကြောင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ခေတ္တဆိုင်းငံ့ထားမည်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များမှာ ပြောင်းလဲမှုများစွာမရှိခြင်းနှင့် ဘဏ္ဍာငွေ ကုန်ကျမှု အခြေအနေများကြောင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ခေတ္တဆိုင်းငံ့ထားမည်
   ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒမဲပေးနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒမဲပေးနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
Published 21 May 2020
ပြည့်ဖြိုးအောင်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များမှာ ပြောင်းလဲမှုများစွာမရှိခြင်းနှင့် ဘဏ္ဍာငွေ ကုန်ကျမှု အခြေအနေများကြောင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်က ပြောကြားသည်။

မေ ၂၁ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂ ပုဒ်မခွဲ (က)နှင့် ပုဒ်မ ၃၂ ပုဒ်မခွဲ(ခ)တို့ကို ပြင်ဆင်နိုင်ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးနှင့် စပ်လျဉ်း၍  ရှင်းလင်းရာတွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းအောင်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆(က)နှင့် အကျုံးဝင်သော ပြင်ဆင်ချက်များနှင့် စပ်လျဉ်း၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ၂၀၂ဝပြည့်နှစ်အထွေထွေရွေးကောက်ပွဲနှင့် ပူးတွဲဆောင်ရွက်ရန် လိုအပ်သည် ဆက်လက်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော်ရုံးက စာပေးပို့ခဲ့ကြောင်း ဦးသန်းအောင်က ပြောကြားသည်။

“ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပခြင်းကြောင့် နိုင်ငံတော်၏ ရေးရာကိစ္စများ၊ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ လွှတ်တော်များ၏ လုပ်ငန်းများအပေါ် ပြောင်းလဲအကျိုးသက်ရောက်မှုများစွာ မရှိသောကြောင့်လည်းကောင်း၊ နိုင်ငံတော် ဘဏ္ဍာငွေ ကုန်ကျမှု အခြေအနေအရလည်းကောင်း၊ နောင်တွင်ပေါ် ပေါက်လာနိုင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာများနဲ့အတူ ဆန္ဒခံယူပွဲပြုလုပ်မယ်ဆိုပါက ပိုမိုသင့်လျော်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပခြင်းမပြုသေးဘဲ ခေတ္တဆိုင်းငံ့ထားသင့်ပါကြောင်း အကြံပြုရှင်းလင်းတင်ပြအပ်ပါတယ်” ဟု ဦးသန်းအောင်က ပြောကြားသည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအား ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်အတူ ပူးတွဲဆောင်ရွက်ခြင်းဖြင့် သီးခြားမဲရုံတစ်ရုံ ဆောင်ရွက်ရန် မလိုသော်လည်း ဆန္ဒခံယူပွဲအတွက် သီးခြားမဲပေးခန်း တစ်ခန်းကို သတ်မှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါဆန္ဒမဲပေးခန်းအတွက် ကြီးကြပ်ဆောင်ရွက်နိုင်ရန် မဲရုံမှူးတစ်ဦး၊ မဲရုံအဖွဲ့ဝင်နှစ်ဦး စုစုပေါင်း သုံးဦးအနည်းဆုံးလိုအပ်မည်ဖြစ်ကြောင်း၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဆန္ဒပြုရာတွင် အသုံးပြုမည့် မဲစာရင်းများ၊ မဲလက်မှတ်များ၊ ကြိုတင်ဆန္ဒမဲလက်မှတ်များ၊ ပုံစံစာရွက်များ၊ ဆန္ဒပြုရန်နှင့် ရုံးလုပ်ငန်းမှတ်တမ်းဆောင် ရွက်ရန်အတွက် ရုံးသုံးစာရေးကိရိယာများ၊ ဆန္ဒပြုအခန်းများ၊ မဲပုံးများ၊ ထုတ်ပိုးပစ္စည်း ဆာလာအိတ်များ စသည့် မဲရုံသုံး အထောက်အကူပစ္စည်းများကို ထပ်မံဖြည့်တင်း ဆောင်ရွက်ပေးလိုအပ်မည်ဖြစ်ကြောင်း ဦးသန်းအောင်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် တာဝန်ယူဆောင်ရွက်ပေးရမည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒခံယူပြင် ဆင်ဆောင်ရွက်ပေးရမည့် ပြဋ္ဌာန်းချက်များမှာ ပထမအကြိမ်လွှတ်တော်သက်တမ်းအတွင်း ပြင်ဆင်ခဲ့သည့် ဖွဲ့စည်းခံအခြေခံဥပဒေ ပုဒ်မ ၅၉ ပုဒ်မခွဲ(ဃ)၊ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း ပြင်ဆင်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ပုဒ်မ ၃၂ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ(ခ)တို့ဖြစ်ကြောင်း ဦးသန်းအောင်က ပြောကြားသည်။

“ပြင်ဆင်ပြဋ္ဌာန်းမယ့် အဆိုပြုဖော်ပြချက်များအရ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း၊ လွှတ်တော်အသီးသီး လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း၊ နိုင်ငံတော်၏ လုံခြုံရေးရာကိစ္စရပ်များတွင် လည်းကောင်း ပြောင်းလဲမှုအကျိုးသက်ရောက်မှုများစွာ မရှိသေးတာကို လေ့လာတွေ့ရှိရပါတယ်။ ယခုနှစ်ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့အတူ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပခြင်းအားဖြင့် အချိန်လုပ်အားနဲ့ ဘဏ္ဍာငွေကုန်ကျမှုများ သက်သာမှုရှိနိုင်မည်ဟုဆိုသော်လည်း သီးခြားဆောင်ရွက်ရမည့် လုပ်ငန်းရပ်ဖြစ်ပါသဖြင့် လိုအပ်တဲ့ အထောက်အကူပစ္စည်းများအတွက် နိုင်ငံတော်ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ၁၄၆၄၆ ဒသမ ၃၁၄ ကို အနည်းဆုံးအကုန်ကျခံသုံးစွဲရမယ်လို့ တွက်ချက်ရရှိခဲ့ပါတယ်” ဟု ဦးသန်းအောင်က ပြောကြားသည်။

အဆိုပါပြင်ဆင်ပြဋ္ဌာန်းချက်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ ပုဒ်မ ခွဲ(ဃ)တွင် နိုင်ငံတော်ရေးရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များ ရှိရမည်ဟု ပြဋ္ဌာန်းချက်အစား နိုင်ငံတော်ရေးရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး စသည့် အမြင်များရှိရမည်ဟု လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ပုဒ်မ ၃၂ ပုဒ်မ ခွဲ(က)တွင် မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသွားသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်မစွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်ဟု ပြဋ္ဌာန်းချက်အစား မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသွားသော တပ်မတော်သားများ၏ ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရမည်ဟူ၍  ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ပုဒ်မ ၃၂ ပုဒ်မခွဲ(ခ)တွင် မသန်မစွမ်းဖြစ်လာသော တပ်မတော်သားများအား သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်နိုင်စေရန်နှင့် အသက်မွေးပညာကို အခလွတ်သင်ယူနိုင်စေရန် စီမံဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းချက်အစား မသန်စွမ်းဖြစ်လာသော တပ်မတော်သားများအား  သင့်တင့်လျောက်ပတ်စွာ  နေထိုင်စားသောက်နိုင်စေရန်နှင့် အသက်မွေးပညာကို အခလွတ်သင်ယူနိုင်စေရန် စီမံဆောင်ရွက်ရမည်ဟူ၍ လည်းကောင်း ဖြစ်သည်။

 

Most Read

Most Recent