သီးနှံစျေးနှုန်း မတည်မငြိမ်ဖြစ်မှုကို ကာကွယ်ရန် အခြေခံစျေးနှုန်း သတ်မှတ်ဝယ်ယူ၍ ကြာရှည်ခံ သိုလှောင်ထားနိုင်သည့် စက်ရုံများကို အတိုးနှုန်း သက်သာသည့် ပြည်ပချေးငွေဖြင့် လုပ်ဆောင်ရန်လိုအပ်ဟု လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ

သီးနှံစျေးနှုန်း မတည်မငြိမ်ဖြစ်မှုကို ကာကွယ်ရန် အခြေခံစျေးနှုန်း သတ်မှတ်ဝယ်ယူ၍ ကြာရှည်ခံ သိုလှောင်ထားနိုင်သည့် စက်ရုံများကို အတိုးနှုန်း သက်သာသည့် ပြည်ပချေးငွေဖြင့် လုပ်ဆောင်ရန်လိုအပ်ဟု လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ
Published 20 May 2020
ပြည့်ဖြိုးအောင်

သီးနှံများ စုပြုံထွက်ရှိလာချိန်တွင် စျေးနှုန်းကျဆင်းပြီး စျေးနှုန်းမတည်မငြိမ်ဖြစ်မှုကို ကာကွယ်ရန် တောင်သူများ တွက်ခြေကိုက်သည့် အခြေခံစျေးနှုန်းများ သတ်မှတ်ဝယ်ယူ၍ ကြာရှည်ခံ သိုလှောင်ထားနိုင်သည့် စက်ရုံများကို အတိုးနှုန်း သက်သာသည့် ပြည်ပချေးငွေဖြင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက ပြောကြားသည်။

မေ ၂၀ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အုတ်တွင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက လယ်ယာစိုက်ပျိုးရေးမှ ထွက်ရှိလာသော သီးနှံများ စျေးနှုန်းတည်ငြိမ်မှုရှိရန် အတွက် သီးနှံထွက်ချိန်၌ ဝယ်ယူသိုလှောင်ထားရန် လိုအပ်သော ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ သိုလှောင်ရုံ တည်ဆောက်မှုတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ မိမိတို့ နိုင်ငံအတွက် အကျိုးရှိစေမည့် မူဝါဒများချမှတ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု၊ ပြည်ချေးငွေများကို ဖိတ်ခေါ်ရန် အစီအစဉ်ရှိမရှိ မေးခွန်းမေးမြန်းရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“ထွက်ကုန်တန်ဖိုးမှာ စိုက်ပျိုးစရိတ်ထက် သာနေမှသာ တောင်သူများ အကျိုးစီးပွား ဖြစ်ထွန်းမှုများရှိပြီး တိုင်းပြည်စီးပွားရေး တိုးတက်မှုကို အထောက်အကူပြုစေမှာမို့ သီးနှံများ စုပြုံထွက်ရှိလာချိန်မှာ စျေးနှုန်းကျဆင်းပြီး စျေးနှုန်းမတည်မငြိမ်ဖြစ်မှုကို ကာကွယ်ရန် တောင်သူများအတွက် တွက်ခြေကိုက်တဲ့ အခြေခံစျေးနှုန်းများ သတ်မှတ်ဝယ်ယူကာ ကြာရှည်ခံ သိုလှောင်ထားနိုင်တဲ့ နည်းပညာများ၊ သိုလှောင်မှုများ တန်ဖိုးမြှင့် ထုတ်လုပ်တဲ့ ခေတ်မီဆန်စက်၊ ဆီစက်၊ ပဲခွဲစက်၊ အခြောက်ခံစက်များ၊ သစ်သီးဝလံများအတွက် အအေးခန်းများ၊ သန့်စင်ပြီး ဆီသွပ်ဘူးနဲ့ ထုပ်ပိုးတဲ့စက်ရုံများကို နိုင်ငံတကာမှ အတိုးနှုန်း သက်သာသော ချေးငွေရယူပြီး ပုဂ္ဂလိက၊ အစိုးရ ပူးပေါင်းလုပ်ဆောင်ရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်” ဟု ဒေါ်ချိုချိုက ပြောကြားသည်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကာလ၌ ပြည်ပမှ ပြန်လာကြသည့် ပြည်တော်ပြန်အများစုမှာ ကျေးလက်နေ တောင်သူများ ဖြစ်သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်ပေးရန် လိုသကဲ့သို့ ကိုရိုနာဗိုင်းရပ်စ် ကာလ ကမ္ဘာ့နိုင်ငံ တော်တော်များက စိုက်ပျိုးရေး ထွက်ကုန်များကို လိုအပ်၍ ဝယ်ယူကြသဖြင့် ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်သည့် စိုက်ပျိုးရေးနိုင်ငံများမှာ အသာစီးရနိုင်ပြီး စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အလားအလာကောင်းများရကြောင်း၊ ယခုအခြေအနေမျိုးတွင် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး ဖိလုပ်လိုက်ပါက တိုင်းပြည်၏ စီးပွားရေး တိုးတက်မှု အနေအထားလည်း ကောင်းမွန်မည်ဖြစ်ပြီး နိုင်ငံ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို ကုစားပေးရန်အတွက် ပြည်ပချေးငွေများဖြင့် အကျိုးရှိစွာ အသုံးပြုနေချိန်တွင်  လယ်ယာစိုက်ပျိုး လုပ်ငန်းတွင်လည်း လိုအပ်သော ဖွံ့ဖြိုးတိုးတက်မှုများကို ပြည်ပချေးငွေများဖြင့် ထိရောက်ကျယ်ပြန့်စွာ အသုံးချနိုင်ဖို့ လိုအပ်နေကြောင်း ဒေါ်ချိုချိုက ပြောကြားသည်။

လက်ရှိတွင် တောင်သူများအတွက် ချေးငွေကို တစ်ဧက ကျပ်တစ်သိန်းခွဲသာ ချေးပေးနေသဖြင့် တောင်သူများအတွက် ချေးငွေများကို ပြည်ပချေးငွေများဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း ဒေါ်ချိုချိုက ပြောကြားသည်။

“မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အပါအဝင် ပြည်တွင်းရှိ ဘဏ်များက လုံလုံလောက်လောက် မချေးပေးနိုင်ရင် နိုင်ငံတကာ အတိုးနှုန်း သက်သာတဲ့ ကာလရှည်ချေးငွေများကို လယ်ယာကဏ္ဍအတွက် အထူးဦးစားပေး ရယူပေးရန် ညှိနှိုင်းစိစစ်ဖို့ လိုအပ်နေပါတယ်” ဟု ဒေါ်ချိုချိုက ပြောကြားသည်။

ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဝန်ကြီးအနေဖြင့် စီးကွက်စီးပွားရေးစနစ် ပီပြင်အောင် ဖွံ့ဖြိုးစေပြီး ကုန်သွယ်မှုနှင့် ပို့ကုန်မြင့်မားစေခြင်းဖြင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူစေရန်  ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။

“ပြည်တွင်းကုန်သွယ်မှုနဲ့ ကုန်စျေးနှုန်း တည်ငြိမ်ရေး ဖြစ်ပေါ်စေမယ့် ထုတ်လုပ်မှု ကွင်းဆက်များ ပေါ်ပေါက်ရေး၊ စားသုံးသူများရဲ့ အကျိုးစီးပွားကို ကာကွယ်ရေးနဲ့ ကုန်သွယ်မှု ချောမွေ့လွယ်ကူရေးကို ဆောင်ရွက်လျက် ရှိတဲ့အပြင် ပို့ကုန်တိုးတက်စေဖို့အတွက် အမျိုးသား ပို့ကုန်မဟာဗျူဟာကိုလည်း ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့ပြင် တောင်သူလယ်သမား ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေအရ လယ်ယာထုတ်ကုန်များ ရောင်းချရာတွင် သင့်တင့်မျှတသော စျေးကွက်နှင့် စျေးနှုန်းရရှိစေရေးအတွက် ဒုတိယသမ္မတ (၂) ခေါင်းဆောင်သည့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ခေါင်းဆောင်သော လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေး အဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်ထားကာ ယင်းအဖွဲ့က တောင်သူများ လယ်သမားအတွက် တွက်ခြေကိုက်သည့် စျေးနှုန်းများ သတ်မှတ်ဝယ်ယူ ပေးနိုင်ရေးကို စျေးကွက်နည်းလမ်းများ ကျင့်သုံးဆောင်ရွက် ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

အလားတူ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများမှ ထွက်ရှိလာသော သီးနှံများကို ကြာရှည်ခံ သိုလှောင်ထားနိုင်မည့် နည်းပညာများ၊ သိုလှောင်ရုံများ တည်ဆောက်ရေးတို့အတွက် ပြည်ပချေးငွေများဖြင့် လုပ်ဆောင်နိုင်ရေးနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent