အစိုးရနှင့် တပ်မတော်က မြောက်ပိုင်းလေးဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းသော်လည်း တုံ့ပြန်မှုမရှိဘဲ အကြောင်းအမျိုးမျိုးပြ ရွှေ့ဆိုင်းနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

အစိုးရနှင့် တပ်မတော်က မြောက်ပိုင်းလေးဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းသော်လည်း တုံ့ပြန်မှုမရှိဘဲ အကြောင်းအမျိုးမျိုးပြ ရွှေ့ဆိုင်းနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က ကျိုင်းတုံမြို့၌ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့စဉ်
၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က ကျိုင်းတုံမြို့၌ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့စဉ်
Published 16 May 2020
နိုင်ငံတော်သမ္မတရုံး

အစိုးရနှင့် တပ်မတော်က မြောက်ပိုင်းလေးဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းသော်လည်း တုံ့ပြန်မှုမရှိဘဲ အကြောင်းအမျိုးမျိုးပြ ရွှေ့ဆိုင်းနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး မေ ၁၆ ရက်က အွန်လိုင်းစနစ်ဖြင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အစိုးရနှင့် တပ်မတော်က မြောက်ပိုင်းလေးဖွဲ့အား ငြိမ်းချမ်းရေးဆွေးနွေးမှုကို ကျိုင်းတုံမြို့နှင့် မြစ်ကြီးနားတို့တွင် ပြုလုပ်ရန် ကမ်းလှမ်းခဲ့သော်လည်း မြောက်ပိုင်းလေးဖွဲ့က မပြုလုပ်ခဲ့ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“ ကျွန်တော်တို့ အစိုးရရယ်၊ တပ်မတော်ရယ်က Bilateral Ceasefire Agreement ကို လိုလိုလားလားဖြစ်လို့ မလို့ နောက်ဆုံး ကျွန်တော်တို့ အစိုးရဘက်ကဆိုရင် ရှေ့နေချုပ် ပါတယ်။ ငြိမ်းချမ်းကော်မရှင် ဒုဥက္ကဋ္ဌ ပါတယ်။ ငြိမ်းချမ်းကော်မရှင် အတွင်းရေးမှူး ကိုယ်တိုင်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် ပါတယ်။ အဲဒီလောက်အထိ အစိုးရနဲ့ တပ်မတော်ဘက်က လမ်းဖွင့်ပေးခဲ့တာပါ။ ကျိုင်းတုံမှာပဲ ထိုးမယ်။ ဘယ်နှစ်ရက်စောင့်ရမလဲ။ သုံးရက်စောင့်ရမလား။ လေးရက်စောင့်ရမလား။ ဒါပေမဲ့ ဟိုဘက်လာတာက No လို့ လာတာ။ ဟုတ်ပြီ။ အဲဒီအပိုင်းမှာ ကျွန်တော်တို့ မလျှော့သေးဘူး။ တရားဝင်အစည်းအဝေးတွေ သွားလို့ မရသေးဘူး။ ဒီအတိုင်းဆိုရင်တော့ အဲဒါဆိုရင် အလွတ်သဘောဆွေးနွေးပြီးမှ Ceasefire ကို လုပ်အောင်လုပ်မှ ရမယ်ဆိုပြီးတော့ တရုတ်နိုင်ငံမှာ ညှိတယ်။ ညှိပြီးတော့ အမြန်ဆုံးပြန်တွေ့မယ်ဆိုပြီးတော့ သဘောတူခဲ့တယ်။ ကံမကောင်း၊ အကြောင်းမလှစွာနဲ့ COVID-19 တရုတ်မှာ ဖြစ်တယ်။ ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ မြောက်ပိုင်းလေးဖွဲ့ကို ဘာပြောလဲဆိုတော့ အဲဒီအချိန်မှာ မြန်မာနိုင်ငံမှာ WHO ကလည်း Global Pandemic မကြေညာရသေးဘူးဆိုတော့ ကျွန်တော်တို့ အစိုးရ အဆိုပြုတာ ကျိုင်းတုံ၊ မြစ်ကြီးနား အဆိုပြုတယ်။ ဆွေးနွေးမယ်။ မြစ်ကြီးနားဆိုရင် လိုင်ဇာကနေ နေ့ချင်းပြန်လာလို့ရတယ်။ အဲဒီလေးဖွဲ့ မြစ်ကြီးနားမှာ တွေ့မယ်။ ဟိုဘက်က ကျိုင်းတုံဆိုရင် သူတို့လာရတာ အခက်အခဲရှိတယ်ဆိုရင် KIA ဌာနချုပ်ကနေ နေ့ချင်းပြန်ဆင်း နေ့ချင်းပြန်တက်လို့ရတယ်။ မြစ်ကြီးနားကို ဖိတ်ခေါ်တယ်။ မြစ်ကြီးနားမှာ မတွေ့ချင်ဘူးဆိုရင် မူလတွေ့နေကျ ကျိုင်းတုံမှာတွေ့မယ်ဆိုပြီး ကမ်းလှမ်းတယ်။ ဒါပေမဲ့ အဆင်မပြေဘူးဆိုပြီး ပြန်လာတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ထို့နောက် မြောက်ပိုင်းလေးဖွဲ့အား မည်သည့်နေရာတွင် တွေ့ဆုံလိုကြောင်း မေးမြန်းရာတွင် ကိုရိုနာဗိုင်းရပ်ဖြစ်ပွား၍ မည်သူမျှ သွားလာမရသည့် တရုတ်နိုင်ငံ၏ တစ်နေရာကို ဖိတ်ခေါ်သဖြင့် စဉ်းစားစရာဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“ ဘယ်မှာတွေ့ချင်လည်း မေးတယ်။ ဘယ်မှာတွေ့ချင်လဲဆိုတော့ တရုတ်နိုင်ငံထဲက တစ်နေရာတဲ့ တရုတ်နိုင်ငံမှာ အဲဒီအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေပြီ။ ဘယ်သူမှလည်း သွားလို့မရတော့ဘူး။ အဲဒီအချိန်မှာ သွားလို့မရတဲ့နေရာကို ဖိတ်ခေါ်တယ်ဆိုတော့ စဉ်းစားကြည့်ပေါ့။ ဆိုလိုတာက အစိုးရနဲ့ တပ်မတော်က ဒီလောက်အထိ ကမ်းလှမ်းတယ်။ တောက်လျှောက်လည်း ပြည်တွင်းမှာ Social Distancing နဲ့ တွေ့ကြရအောင် ပြောတယ်။ ကျိုင်းတုံမှာ တွေ့မလား။ မြစ်ကြီးနားမှာ တွေ့မလား။ လေးဖွဲ့လုံးကို ပြောနေတာဖြစ်တယ်။ သို့သော် No Respond ဖြစ်တယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ငြိမ်းချမ်းရေးဆွေးနွေးရာတွင် တစ်ဖက်တည်းက ပြောဆို၍မရကြောင်း၊ ငြိမ်းချမ်းရေး မလိုလားဘဲ အကြောင်းအမျိုးမျိုးပြ၍ ရွှေ့ဆိုင်းနေသည့် အနေအထားဖြစ်နေကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ပေါင်း ရဝကျော် လက်နက်ကိုင်ပဋိပက္ခနဲ့ ကြုံတွေ့လာတာများပြီ။ အဲဒီကာလမှာလည်း နှစ်ဖက်လုံးလက်ခံတဲ့ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးဆိုတာ ဖြစ်မလာခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်တု့ ိနိုင်ငံရေးပြဿနာက နိုင်ငံရေးနည်းနဲ့ ရှင်းမယ်။ ငြိမ်းချမ်းရေး တံခါးကတော့ ဆက်ပြီးတော့ ဆွေးနွေးနေရဦးမယ်။ ငြိမ်းချမ်းရေးပြဿနာကိုတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေရဦးမယ်လို့ ကျွန်တော်တို့က လမ်းဖွင့်ထားတယ်။ သို့သော်လည်း တစ်ဖက်က ဆန္ဒရှိမှရမယ်။ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ တစ်ဖက်တည်းက ပြောနေလို့မရဘူး။ လိုလားနေလို့မရဘူး။ တစ်ဖက်က ဘာမှမလိုလားဘဲနဲ့ တွေ့ဆုံဆွေးနွေးဖို့တောင် အကြောင်းအမျိုးမျိုးပြပြီးတော့ ရွှေ့ဆိုင်းနေတဲ့ အနေအထား။ အစိုးရနဲ့ တပ်မတော်က မြစ်ကြီးနားအထိ လာဖို့ကမ်းလှမ်းတဲ့အပေါ်မှာ မလာဘူးဆိုတဲ့သဘောက ငြိမ်းချမ်းရေးတကယ်လိုလားမှပဲ ဒီပြဿနာတွေ ပြေလည်မယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

ထို့ပြင် လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်ကာလအတွင်း မြောက်ပိုင်းလေးဖွဲ့အား အွန်လိုင်းဖြင့် ဆွေးနွေးမှုကို ကမ်းလှမ်းသော်လည်း မည်သည့် အကြောင်းပြန်ချက်မျှ မလာကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“ နိုင်ငံတကာကလည်း နားလည်ဖို့ လိုတယ်။ အစိုးရနဲ့ တပ်မတော်ဘက်က တောက်လျှောက်တွေ့ဖို့ ဆက်သွယ်တယ်။ နောက်ဆုံး ဒီကာလမှာတွေ့ဖို့ ဘယ်လောက်ထိ ကျွန်တော်တို့ စဉ်းစားလည်းဆိုတော့ အခုလိုမျိုးအွန်လိုင်းနဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းမှုတွေလုပ်ဖို့ ဆွေးနွေးနေတယ်။ သို့သော်လည်းပဲ ဘာမှ Reply မလာဘူးဖြစ်နေတယ်။ အဲဒီကျတော့ ငြိမ်းချမ်းရေးကို ဘယ်လောက်အထိလိုလားသလဲဆိုတာ ဒီအပေါ်မှာ လက်နက်ကိုင်ပြီး တောင်းဆိုတဲ့ အနေအထားမှာ သူတို့ရဲ့ရည်မှန်းချက်တွေက တခြားတိုင်းရင်းသား အခွင့်အရေးအပြင် ဘာတွေရှိနေဆိုတာ စဉ်းစားဖြစ်လာတာပေါ့နော်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

Most Read

Most Recent