မန္တလေးတိုင်းတွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၆၂ ဘီလျံကျော် ထုတ်ချေးရန်လျာထားပြီး အတိုးငါးရာခိုင်နှုန်းသို့ ပြင်ဆင်လျှော့ချ ကောက်ခံမည်

မန္တလေးတိုင်းတွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၆၂ ဘီလျံကျော် ထုတ်ချေးရန်လျာထားပြီး အတိုးငါးရာခိုင်နှုန်းသို့ ပြင်ဆင်လျှော့ချ ကောက်ခံမည်
Published 16 May 2020
မင်​းလတ်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၃ မြို့နယ်မှ ​တောင်​သူများအတွက်​ ယခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေး​ငွေ ထုတ်​​ချေးရန်​ ၁၆၂ ဒသမ ၉၆ ဘီလျံလျာထားပြီး အတိုးနှုန်းကို ငါးရာခိုင်နှုန်းသို့ ပြင်ဆင်လျှော့ချ ကောက်ခံမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (မန္တလေး) မှ သိရသည်။

ယခင်​က စိုက်ပျိုးစရိတ်ချေးငွေများအပေါ်တွင် ကောက်ခံသည့် အတိုးနှုန်းကို ရှစ်ရာခိုင်နှုန်း သတ်မှတ်ကောက်ခံရာမှ ယခုအခါ ငါးရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ် ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများကို မိုးရာသီ စိုက်ပျိုးချေးငွေအဖြစ် စပါးတစ်ဧကလျှင် တစ်သိန်းခွဲ၊ အခြားစိုက်ပျိုးသီးနှံများ ဖြစ်သည့် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ကြံတို့အတွက် တစ်ဧကလျှင် ငါးသောင်းနှုန်း၊ ယခုနှစ်တွင် ချေးပေးထားသည် မိုးသီးနှံချေးငွေကို မေလမှ စက်တင်ဘာအကုန်အထိ ထုတ်ချေးထားပြီး လာမည့်ဧပြီလအထိ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

“ ၂၀၂၀ မိုး​ချေး​ငွေကို လာ​ရောက်​​ချေးယူလို့ရပါပြီ။ ယခုနှစ်​ မိုး​ချေး​ငွေလျာထားတာက ၁၆၂ ဒသမ ၉၆ ဘီလျံ လျာထားပါတယ်​။ မေလ ၁၅ ရက်​​နေ့ကစတင်​ပြီး မြို့နယ်​စိုက်​ဘဏ်​​တွေက​နေ ထုတ်​​ချေး​ပေး​နေပါပြီ။ ၂၀၁၉ မိုးရာသီအတွက်​ ​ချေး​ငွေက ၁၄၇ ဒသမ ၅၅ ဘီလျံ၊ ​ပြန်​လည်​​ကောက်​ခံရ​ငွေက ၉၅ ဒသမ ၃၄ ဘီလျံ ကျန်​​ငွေ ၅၂ ဒသမ ၂၂ဘီလျံ ကျန်​ရှိပြီး ရာခိုင်​နှုန်​းအရ ​ကောက်​ခံရရှိမူ ၆၄ ဒသမ ၆၁ ရာခိုင်​နှုန်​း ​ကောက်​ခံရရှိပါတယ်​။ ပြန်​လည်​​ကောက်​ခံရန်​ ၃၅ ရာခိုင်​နှုန်​း ကျန်​ရှိပါတယ်​။ အခု မိုးရာသီ ချေး​ငွေက ​မေ ၁၅ ရက်​က​နေ စက်တင်ဘာလအကုန်​အထိ ​ချေး​ပေးပါမယ်​။ ​ချေး​ငွေပုံစံက အရင်​လို တစ်​ဦးချင်​းအ​နေနဲ့ ​ချေးယူလို့ရပါတယ်” ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (မန္တလေး) တိုင်းဒေသကြီး မန်နေဂျာ ဒေါ်ယဉ်နွဲ့က ပြောကြားသည်။

ထို့အတူ MEB Two Step Loan များအပေါ် ကောက်ခံသည့်အတိုးနှုန်းအား ကိုးရာခိုင်နှုန်း သတ်မှတ်ကောက်ခံရာမှ ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချကောက်​ခံမည်​ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ (မန္တလေး) တိုင်းဒေသကြီး မန်နေဂျာ ဒေါ်ယဉ်နွဲ့က ပြောပြသည်။

“MEB Two Step Loan က ၆ ဒသမ ၅ ရာခိုင်​နှုန်​း၊ ကျန်​တဲ့​ချေး​ငွေအကုန်​လုံးက ငါးရာခိုင်​နှုန်​း ​လျှော့ချထားပါတယ်​။ အရင်ကဆို MEB Two Step Loan က ကိုးရာခိုင်​နှုန်း ရှိတယ်။ အရင်​စိုက်​စရိတ်နဲ့ JICA က ရှစ်ရာခိုင်​နှုန်​းက​နေ အခုငါးရာခိုင်​နှုန်​း ဖြစ်​သွားတယ်​။ အရင်​က ဒဏ်​တိုး ဧပြီလ ၁၆ ရက်​​နေ့က စကောက်တာ။ အခု ​မေလကုန်​အထိ ကင်​းလွတ်​ခွင်​့​ပေးထားပြီး ဇွန်​လ ၁ ရက်​​နေ့ ကစ ပြန်​​ကောက်​မယ်​။ အရင်တုန်​းက ဒဏ်​တိုးက ​ငွေတစ်​ရာကို ဒဏ်​​ကြေး တစ်​ကျပ်​ ​ကောက်​တယ်​။ အခု ဒဏ်​တိုးပြားငါးဆယ်​ ဖြစ်သွားပါပြီ။ ဒဏ်​တိုးကို တစ်ဝက်​​လျှော့ချပေးလိုက်​ပါတယ်​။ ​တောင်​သူ​တွေအတွက်​ အဆင်​​​ပြေ​အောင်​ အကုန်လျှော့ချ​ပေးထားပါတယ်​” ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (မန္တလေး) မှ တိုင်းဒေသကြီး မန်နေဂျာ ဒေါ်ယဉ်နွဲ့က ပြောပြသည်။

 မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် မိုးကြိုမိုးရာသီနှင့် ဆောင်းရာသီများအတွက် တစ်နှစ်လျှင် သုံးကြိမ် ချေးငွေထုတ်ချေးပေးနေပြီး တောင်သူများအနေဖြင့် ချေးငွေအသစ် ထုတ်ချေးချိန်ရောက်မှသာ ပေးဆပ်သည့် အလေ့အထဖြစ်နေသည့်အတွက် ယခု ၂၀၂၀ ပြည့်နှစ် မိုးချေးငွေထုတ်ချေးချိန်တွင် ၂၀၁၉ ခုနှစ် မိုး​ချေး​ငွေကို အပြေအကျေ ကောက်ခံဆောင်ရွက်သွားမည်ဟု မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (မန္တလေး) မှ သိရသည်။

Most Read

Most Recent