COVID-19 နှင့်ပတ်သက်၍ အစိုးရ၏ကော်မတီနှင့် PNLO တို့ဆွေးနွေးခဲ့ကြပြီး PNLO အခြေပြုဒေသနှင့် ဆက်စပ်ဒေသများတွင် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရဟု PNLO ဒုတိယဥက္ကဋ္ဌ ပြောကြား

COVID-19 နှင့်ပတ်သက်၍ အစိုးရ၏ကော်မတီနှင့် PNLO တို့ဆွေးနွေးခဲ့ကြပြီး PNLO အခြေပြုဒေသနှင့် ဆက်စပ်ဒေသများတွင် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရဟု PNLO ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 14 May 2020
မင်းနိုင်စိုး

COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုတိယ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ မေ ၁၄ ရက်က Online Video Conferencing ဖြင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံမှု၌ COVID-19 ရောဂါကြောင့် PNLO အခြေပြုဒေသနှင့် ဆက်စပ်ဒေသများတွင် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟု PNLO ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြားသည်။

အစိုးရ၏ COVID-19 ရောဂါဆိုင်ရာ ကူညီထောက်ပံ့ရေးအစီအစဉ်တွင် ချမှတ်ထားသော မူဝါဒများအနက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ချမှတ်ဆောင်ရွက်သည့်အခါ အချို့သောမူဝါဒများသည် ဒေသအချို့နှင့် ကိုက်ညီမှုမရှိသည့်အတွက် ယခုကဲ့သို့ စားနပ်ရိက္ခာ ရှားပါးပြတ်လပ်ခြင်းနှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း ခွန်မြင့်ထွန်းက ပြောကြားသည်။

“ဥပမာအားဖြင့်ပြောရရင် ကျွန်တော်တို့ တောင်ပေါ်ဒေသတွေမှာဆိုရင် မြင်းသုံးကြတယ်။ တချို့ဆိုင်ကယ်တွေ သုံးကြတယ်။ သူကချမှတ်ထားတဲ့မူက ဆိုင်ကယ်ရှိရင် ချမ်းသာတဲ့စာရင်းထဲထည့်ပြီး ရိက္ခာဖြန့်ဝေတဲ့ အစီအစဉ်ထဲမှာ ထည့်သွင်းတာမျိုးမရှိဘူး။ ကျွန်တော်တို့မြို့ပေါ်မှာ ခြံရှိတဲ့လူနဲ့ တောဘက်မှာခြံရှိတဲ့လူဆိုတာ ခြံရှိတာချင်းတူပေမဲ့ အဓိပ္ပာယ်မတူဘူး။ သူ့ရဲ့ပိုင်ဆိုင်မှု ပမာဏလည်းမတူဘူး။ ကျွန်တော်တို့ဆီမှာ ကိုယ့်ရဲ့တောင်ယာက ခြံလေးနဲ့ ဆိုင်ကယ်လေးနဲ့ဆိုတာက တကယ့်ကို အခြေခံသူ့ရဲ့ ဘဝရပ်တည်ရေးအတွက် ကိရိယာပေါ့။ ကိရိယာတန်ဆာပလာမျှသာဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ လူထုတွေက ကုန်ပစ္စည်းတွေလည်း မရောင်းရဘူး။ ထုတ်လုပ်မှု  လုပ်ငန်းတွေအားလုံးလည်း ရပ်ဆိုင်းကုန်တယ်။ အဲဒီတော့ သူတို့အတွက်က စားနပ်ရိက္ခာတွေက လတ်တလောမှာ ဒုက္ခရောက်ကြတဲ့အတွက် အစိုးရအနေနဲ့လည်းပဲ ရိက္ခာထောက်ပံ့ရေးကိစ္စတွေနဲ့ ဒေသနဲ့ကိုက်ညီတဲ့ မူဝါဒတွေ ချမှတ်ဆောင်ရွက်ပေးဖို့ ဒါတွေလည်း ကျွန်တော်တို့ ဆွေးနွေးဖြစ်ပါတယ်” ဟု ခွန်မြင့်ထွန်းက ပြောကြားသည်။

PNLO ကိုယ်စားလှယ်များ၏ ထိုသို့တင် ပြဆွေးနွေးချက်များနှင့်ပတ်သက်၍ အစိုးရ၏ COVID-19 ညှိနှိုင်းပူးပေါင်းရေးကော်မတီက အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ထည့်သွင်းစဉ်းစားပေးမည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောကြားသည်။

PNLO အဖွဲ့ အခြေပြုရာဒေသသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့ နယ် ကဒူးကြီးဒေသတွင်ဖြစ်ပြီး အဆိုပါ ဒေသတွင် လူဦးရေ နှစ်သောင်းကျော်ရှိကာ ယင်းနှင့် ဆက်စပ်ဒေသများတွင် လူဦးရေ ပိုမိုများပြားကြောင်းနှင့် ဆက်စပ်ဒေသများတွင်အစိုးရ၏ COVID-19 ဆိုင်ရာ မူဝါဒအရ ကူညီထောက်ပံ့မှုများ ပေးအပ်သည့်အခါ အိမ်ခြေ ၁၀၀၀ တွင် ၁၈ အိမ်ခန့်သာ အထောက်အပံ့ ရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီလိုဖြစ်တာက ခုနက သူတို့ချမှတ်တဲ့မူနဲ့ တိုင်းတာတဲ့အခါမှာ ဆိုင်ကယ်ရှိတယ်၊ ခြံရှိတယ် ထောက်ပံ့စရာ မလိုဘူးဆိုတဲ့စဉ်း စားချက်မျိုးက ကျွန်တော်တို့ ဒေသနဲ့ မကိုက်ညီဘူး” ဟု ခွန်မြင့်ထွန်းက ပြောကြားသည်။ 

အစိုးရ၏ COVID-19 ညှိနှိုင်းပူးပေါင်း ရေးကော်မတီနှင့် PNLO ကိုယ်စားလှယ်များ၏ ယခုဆွေးနွေးမှုတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာနှင့် လိုအပ်သော ကူညီထောက်ပံ့ရေးများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး အခြေခံမူအပေါ်တွင် ဆွေးနွေးခဲ့ကြကြောင်း PNLO ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် COVID-19 ရောဂါအလွန်တွင် အဆိုပါရောဂါကြောင့် လူမှုစီးပွားဘဝ ထိခိုက်ခံစားခဲ့ရမှုများနှင့် ပတ်သက်၍ ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် အလှူရှင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စလည်း ဆွေးနွေးခဲ့ကြပြီး ယခုဆွေးနွေးပွဲသို့ အစိုးရ၏ COVID-19 ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ ပါဝင်ဆွေးနွေးခဲ့ကြသကဲ့သို့ PNLO ဘက်မှ ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ အထွေထွေအတွင်းရေးမှူး ခွန်အောင်မန်းနှင့် အဖွဲ့ဝင်များလည်း ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent