“၀” အဖွဲ့နှင့် မိုင်းလားအဖွဲ့နယ်မြေများတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို ပါရဂူများနှင့် ဆေးမှူးများပါဝင်သော တပ်မတော်ဆေးအဖွဲ့များက ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်

“၀” အဖွဲ့နှင့် မိုင်းလားအဖွဲ့နယ်မြေများတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို ပါရဂူများနှင့် ဆေးမှူးများပါဝင်သော တပ်မတော်ဆေးအဖွဲ့များက ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်
Published 14 May 2020
          မင်းနိုင်စိုး

နယ်မြေခံဆေးတပ်ရင်းမှ ပါရဂူများနှင့် ဆေးမှူးများပါဝင်သော တပ်မတော်ဆေးအဖွဲ့များသည် မေ ၁၃ ရက်က “၀” အဖွဲ့ (UWSA) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့၏ နယ်မြေများတွင် COVID-19  ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသသည် သွားလာမှုခက်ခဲသည့် ဒေသဖြစ်သဖြင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက စိုးရိမ်ဖွယ်ရာဖြစ်သည့်အတွက် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မေ ၁၀ ရက်၌ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေသို့ သွားရောက်ခဲ့စဉ် လမ်းညွှန်မှာကြားခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုသို့ လမ်းညွှန်မှာကြားချက်အရ မေ ၁၂ ရက်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ မိုင်းဆတ်မြို့၊ နယ်မြေခံဆေးတပ်ရင်းမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့များသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ ဝမ်ဟုန်၊ ဆီဟုတ်၊ မိုင်းယွန်း၊ ဟိုပန်၊ ဟိုရွက်၊ ဟွေအောနှင့် မုန်းကျွတ်ဒေသတို့ရှိ UWSA အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများအား COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် မိုင်းဆတ်မှ ဝမ်ဟုန်ဒေသသို့ ရောက်ရှိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ဆေးအဖွဲ့များသည် မေ ၁၂ ရက် ညနေပိုင်းတွင် ဝမ်ဟုန်ဒေသ၌လည်းကောင်း၊ မေ ၁၃ ရက်တွင် ဆီဟုတ်ဒေသ၌လည်းကောင်း UWSA အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ Ultrasound စက်ဖြင့် ရောဂါရှာဖွေခြင်း၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ နေအိမ်အဆောက်အအုံများအား ပိုးသတ်ဆေးဖျန်းခြင်းနှင့် COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဝမ်ဟုန်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော UWSA အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများအား အာဟာရဖြည့်စွက်စာများဖြစ်သည့် နွားနို့၊ ကြက်ဥ၊ ပေါင်မုန့် စသည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းလည်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ထို့အတူ ကျိုင်းတုံမြို့ရှိနယ်မြေခံဆေးတပ်ရင်းမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့များကလည်း မိုင်းလားဒေသရှိ ဒေသခံပြည်သူများ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် မေ ၁၂ ရက် ညနေပိုင်းတွင် ကျိုင်းတုံမြို့မှ ထွက်ခွာကြရာ တိုင်းမှူးဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဆေးကုသရေးအဖွဲ့များသည် မိုင်းလားဒေသသို့ မေ ၁၂ ရက် ညနေပိုင်းတွင် ရောက်ရှိကြရာ မိုင်းလားအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။

အဆိုပါ ဆေးအဖွဲ့သည် မေ ၁၃ ရက် နံနက်ပိုင်းတွင် မိုင်းလားမြို့ ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒေသခံပြည်သူများအား Quarantine ပြုလုပ်ထားရှိသည့် မိုင်းလားမြို့ ပါခါးကျေးရွာ တိုင်းရင်းသားကျောင်း၌လည်းကောင်း၊ မိုင်းလားအဖွဲ့တို့မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ Ultrasound စက်ဖြင့် ရောဂါရှာဖွေခြင်း၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးခြင်း၊ နေအိမ်အဆောက်အအုံများအား ပိုးသတ်ဆေးဖျန်းခြင်းနှင့် COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။ 

                             

Most Read

Most Recent