ဆူခိုထိုင်းအသင်းနှင့် လမ်းခွဲခဲ့သည့် တိုက်စစ်မှူး ကျော်ကိုကို ထိုင်းလိဂ်-၂ ကလပ် ချင်းမိုင်ယူနိုက်တက်အသင်းနှင့် ဆေးစစ်မှုခံယူ

ဆူခိုထိုင်းအသင်းနှင့် လမ်းခွဲခဲ့သည့် တိုက်စစ်မှူး ကျော်ကိုကို ထိုင်းလိဂ်-၂ ကလပ် ချင်းမိုင်ယူနိုက်တက်အသင်းနှင့် ဆေးစစ်မှုခံယူ
Photos: Chiangmai United Facebook
Photos: Chiangmai United Facebook
Published 13 May 2020

ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်း နှင့် လမ်းခွဲခဲ့သည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုသည် ထိုင်းလိဂ်-၂ ကလပ် ချင်းမိုင်ယူနိုက်တက်အသင်းနှင့် မေ (၁၂)ရက်က ဆေးစစ်မှုခံယူခဲ့ကြောင်း သိရသည်။

ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်း နှင့် လမ်းခွဲခဲ့သည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုသည် ထိုင်းလိဂ်-၂ ကလပ် ချင်းမိုင်ယူနိုက်တက်အသင်းနှင့် မေ (၁၂)ရက်က ဆေးစစ်မှုခံယူခဲ့ကြောင်း သိရသည်။

ကျော်ကိုကိုသည် ဆူခိုထိုင်းအသင်းနှင့် နှစ်ဦးသဘောတူလမ်းခွဲပြီးနောက်ပိုင်း အသင်းသစ်ရှာဖွေခဲ့ရာ ထိုင်းကလပ်အသင်း နှစ်သင်းက ကမ်းလှမ်းခဲ့ပြီး နောက်ဆုံးတွင် ချင်းမိုင်ယူနိုက်တက်အသင်းနှင့် ဆေးစစ်မှုခံယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 



ချင်းမိုင်ယူနိုက်တက်အသင်းသည် ကျော်ကိုကိုအား ဆေးစစ်ခဲ့ကြောင်း မေ (၁၂)ရက် ညနေပိုင်းတွင် အသင်း Facebook မှတစ်ဆင့် ထုတ်ပြန်ခဲ့ပြီး ဆေးစစ်ချက်ရလဒ်ကောင်းမွန်ကြောင်းနှင့် မကြာမီရလဒ်ထွက်ပေါ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

"ဆူခိုထိုင်းအသင်းနဲ့ လမ်းခွဲပြီးတဲ့အချိန်မှာ ထိုင်းကလပ်အသင်းနှစ်သင်း နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ အဲ့ဒီနှစ်သင်းထဲက ချင်းမိုင်ယူနိုက်တက်အသင်းနဲ့ အပြီးသတ်ဆွေးနွေးနေပြီး မေ (၁၂)ရက်မှာ ဆေးစစ်မှုခံယူခဲ့ပါတယ်။ ဆေးစစ်တာတွေတော့ ကောင်းတယ်လို့ သိရပါတယ်။ မနက်ဖြန် (မေ ၁၃)မှ ရလဒ်တွေအကုန်လုံး သိရမှာပါ။ ဆေးစစ်ချက်အနေအထားအရတော့ စာချုပ် ချုပ်ဆို ဖြစ်ဖို့များပါတယ်။ အသင်းဘက်က တရားဝင် ထုတ်ပြန်ပါလိမ့်မယ်"ဟု ကျော်ကိုကိုက Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

    

ကျော်ကိုကိုသည် ဆူခိုထိုင်းအသင်းတွင် တစ်ရာသီပြည့်အောင်ပင် ကစားရခြင်းမရှိဘဲ COVID-19 ရောဂါကြောင့် ပြိုင်ပွဲရပ်နားထားသည့်ကာလတွင် လမ်းခွဲခဲ့ခြင်းဖြစ်သည်။  

ကျော်ကိုကိုသည် ၂၀၁၈ ခုနှစ်ကတည်းက ထိုင်းကလပ်အသင်းများတွင် သွားရောက်ကစားခဲ့ပြီး ချင်းမိုင်ယူနိုက်တက်အသင်းနှင့် စာချုပ်ဖြစ်ခဲ့ပါက ထိုင်းလိဂ်-၂ တွင် ပထမ ဆုံး သွားရောက်ကစားခြင်းဖြစ်လာမည်ဖြစ်ပြီး ယခင်က ထိုင်းလိဂ်-၁ ကလပ်အသင်းများတွင်သာ ကစားခဲ့ခြင်းဖြစ်သည်။ 

ကျော်ကိုကို သည် ၂၀၁၈ ရာသီတွင် ချင်းရိုင်ယူနိုက်တက်အသင်း၊ ၂၀၁၉ ရာသီတွင် ဆာမတ်ပရာခန်အသင်း၊ ၂၀၂၀ ရာသီတွင် ဆူခိုထိုင်းအသင်းတို့တွင် ပါဝင်ကစားခဲ့ပြီး ချင်းရိုင်ယူနိုက်တက်အသင်းတွင် ရရှိခဲ့သည့်ဒဏ်ရာကြောင့် ပုံမှန် ကစားခွင့်ရရန် ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။ 

ကျော်ကိုကိုသည် ချင်းရိုင်ယူနိုက်တက်အသင်းတွင် ဒူးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သောကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ကာလအတန်ကြာ အနားယူခဲ့ရကာ ၂၀၁၈ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအပါအဝင် မြန်မာ့လက်ရွေးစင်အသင်း၏ ပွဲစဉ်အချို့ကို လွဲချော်ခဲ့ရသည်။

    

မြန်မာကစားသမားများအနက် ယူ-၂၂ လက်ရွေးစင် ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်သည် ထိုင်းလိဂ်-၂ ကလပ် ချိုင်း နတ်အသင်းတွင် ပါဝင်ကစားလျက်ရှိသည်။  ချင်းမိုင်အသင်းသည် ၂၀၂၀ ရာသီ ထိုင်းလိဂ် -၂ ပြိုင်ပွဲတွင် (၄)ပွဲကစား (၇)မှတ်ဖြင့် အဆင့် (၇) နေရာတွင် ရပ်တည်နေသည်။ 

Most Read

Most Recent