မြိတ်မြို့တွင်ဒေသန္တရအမိန့်ကိုဖောက်ဖျက်ခဲ့သည့် KTV သုံးဆိုင်ကို ဒဏ်ငွေ ကျပ် ငါးသောင်းသာ ချမှတ်ခဲ့ပြီး အနှိပ်ခန်းကိုမူ မည်သို့အရေးယူရမည်ကို အကြံဉာဏ် တောင်းထားဆဲဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်မှ ပြောကြားခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ မှပြီးခဲ့သည့်မေ ၇ ရက်ကထားဝယ်မြို့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် တိုင်းဥပဒေချုပ် ဦးစိုးမြင့်ကပြောကြားခဲ့ခြင်းဖြစ်ပြီး ဒေသန္တရအမိန့်ကို KTV ဆိုင်များက ဖီဆန်ခဲ့ခြင်းဖြစ်ပြီး ထောင်ဒဏ်အထိအပြစ်ပေးနိုင်သော်လည်း ဥပဒေဌာနသို့ အကြံ တောင်းခံခြင်း၊ရဲအမှုတွဲများလည်းပါလာခြင်း မျိုးမရှိခဲ့ကြောင်း နေ့ချင်းပြီး အမိန့်ချပြီး ဒဏ်ငွေဖြင့်သာပြီး သွားခဲ့ကြောင်း ပြောကြားခဲ့သည်။
“KTVလိုဟာမျိုးကသက်သက်မဲ့အမိန့်ကို ဖီဆန်တာမျိုးဖြစ်နေတယ်။ ဒီလိုကာလမျိုး မှာ ကန့်သတ်ထားတယ်။ လိုက်နာရင်ဘာဖြစ်မလဲ အဲဒါကိုလုပ်လိုက်ကြတယ်။ပွတ်တိုက်မှုတွေဖြစ်သွားတော့ ဒါမျိုးကပြောစရာဖြစ် လာတယ်။ထောင်ဒဏ် ၆ လအထိအပြစ်ပေးနိုင်တယ်။ ကျွန်တော်လည်းသက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ်ကို လှမ်းမေးပါတယ်။ ဆိုလိုတာကဒီလိုပြစ်မှုမျိုးက ထောင်ဒဏ် ၆ လအ ထိချမှတ်နိုင်တဲ့ပြစ်မှုမျိုးတွေပါ။ အမှုစစ် ဆေးနည်းတွေကမတူပါဘူး။ ၆လနှင့်အောက်အမှု စစ်ဆေးနည်းက တစ်မျိုး၊ ၆လနှင့်အထက်စစ် ဆေးနည်းကတစ်မျိုး၊ဝရမ်းစစ်ဆေးနည်းက တစ်မျိုးရှိတယ်။ ဒီလိုအမှုမျိုးက ဘာမှမကြာပါဘူး စွဲတင်လာတယ်။ တရားလိုပါလာတယ်၊ စွပ်စွဲခံရတဲ့ သူကို မေးလိုက်မယ်။ ဒီလိုလုပ်ထားတဲ့အတွက် ပုဒ်ဘယ်လောက်နှင့် အရေး ယူထားတယ်။ ခင်ဗျားမှာ အပြစ်ရှိလား၊ ရှိ တယ် အဲဒါဆိုရင်ပြီးပြီ အဲဒီတော့ ဥပဒေ အရာရှိတွေ မလိုက်ပါဘူး။ ကျွန်တော်တို့ ကို လည်းအကြံဉာဏ်တောင်းတာမျိုးလည်း မရှိ ပါဘူး၊ရဲအမှုတွဲလည်းမရှိပါဘူး။သို့သော်မြို့ နယ် ထွေအုပ်ဦးစီးဌာန ယေဘုယျအကြံ ဉာဏ်တောင်းတာမျိုး ကိုတော့ပေးရတယ်။ ဒီအမှုတွေကမြန်တယ်။ဒါလေးတွေက နေ့ချင်း ပြီးတဲ့အမှုတွေပါ။ KTV နှင့်ပတ်သက် ပြီးကြားတာက ကျွန်တော်ဖုန်းလှမ်းဆက်တယ်။ ခရိုင်၊မြို့နယ်တွေက ဘာပြန်ပြောလဲ ဆိုတော့ မြို့နယ် ထွေအုပ်နှင့် ညှိနှိုင်းပြီးပြစ်ဒဏ် တိုးရင် ကောင်းမလား၊ မတိုးပဲ ထားလိုက်ပါတော့ ဆိုတာမျိုးလုပ်တယ်။ တိုင်းကို တင်ပြ ပြီး ဆောင်ရွက်မယ်လို့ ကြားတယ်ပြင်ဆင်မှု တက်လို့ ရသေးတာပေါ့” ဟု တနင်္သာရီတိုင်း ဒေသကြီး ဥပဒေချုပ်ဦးစိုးမြင့်က ပြောကြားသည်။
မြိတ်မြို့နယ်အုပ်ချပ်ရေးမှူး ဦးဆောင်သောပူးပေါင်းအဖွဲ့မှ KTV များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးရာတွင် ဒေသန္တရအမိန့်ကိုဖောက်ဖျက်ပြီး ဖွင့်လှစ်နေသည့် KTV သုံးဆိုင်ကိုဖမ်းဆီးရမိခဲ့ပြီး KTV တစ် ခုတွင် မာဆတ်(အနှိပ်ခန်း)ကိုလည်း ဖွင့်လှစ်ထားသည်ကို တွေ့ရှိခဲ့ ရကြောင်းသိရသည်။သို့ရာ တွင် မာဆတ်ကို ယခုထိ အမှုစွဲတင်ခြင်း မပြုလုပ်ရသေးဘဲ တိုင်းအစိုးရထံအကြံတောင်း ခံထားဆဲဖြစ်ကြောင်း သိရသည်။
“မြို့နယ်တရားရုံးက ချမှတ်လိုက်တာကတော့ ဒဏ်ငွေ ၅ သောင်းပေါ့။ KTVသုံး ခုကိုဒဏ်ငွေ ၅ သောင်းချမှတ်လိုက်တယ်။ဒါကတော့ ထောင်ဒဏ်အပြစ်ပေးသင့် တယ် ဘုန်းကြီးပျံတို့၊ မင်္ဂလာဆောင်တို့နှင့် မတူ ဘူး။ အဲဒီသဘော သက်ရောက်တယ်။အဲဒါ မှာ တစ်မှုကျန် နေတာကမာဆတ်ပါ။မာဆတ် အမှုကစွဲကိုမစွဲသေးဘူး။အကြံဉာဏ်တောင်း နေတုန်းပါ။ မာဆတ်က ဘယ်လိုဖြစ်သလဲ ဆိုတော့ အမိန့်ထုတ်ထားတဲ့အထဲမှာမာဆတ် မပါဘူး။အဲဒီတော့ဘယ်လိုလုပ်ရင် ကောင်း မလဲ၊ ကူးစက်နှင့်ပဲ သွားမလားပေါ့။ ဗဟို အဆင့်ကလည်း ပဲဒီကိစ္စကိုကူးစက်ရောဂါ တိုက်ဖျက်ရေးဥပဒေနှင့် သွားမလားဆိုတဲ့ညွန်ကြားချက်လည်းရှိနေတယ်” ဟု ဦးစိုးမြင့် က ဆက်လက်ပြောကြားသည်။
ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် ကာလတွင် ဖောက်ဖျက်ကျူးလွန်ခဲ့သည့် ဆိုင်များကို အမှိုက်ပစ်သည့် ပြစ်ဒဏ်ထက်ပင် နိမ့်ကျသောဒဏ်ငွေဖြင့်သာ ပြီးခဲ့သည့် အပေါ် ဒေသခံများအကြား တရားရေးဌာနနှင့် ရဲ တပ်ဖွဲ့ကို ဝေဖန်မှုမြင့်တက်နေကြောင်း သိရသည်။
ဒဏ်ငွေ ငါးသောင်းစီသာ ချမှတ်ခဲ့သည့်အတွက် တချို့ဆိုင်များမှာလည်း ပြန်လည် ဖွင့်လှစ် လုပ်ကိုင်နေဆဲဖြစ်ကြောင်း သိရသည်။















