အိမ်အကူအမျိုးသမီးအား အက်စစ်ဖြင့် ပက်သည်ဟုဆိုကာ အမှုဖွင့်ခံထားရသည့် သရုပ်ဆောင် မင်းရာဇာ အပါအဝင် လေးဦးအား မေ ၇ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ကြောင်း သိရသည်။
အဆိုပါရုံးချိန်းတွင် သရုပ်ဆောင် မင်းရာဇာ၊ မဖူးငုံပွင့်နှင့် မင်းရာဇာ၏ ယာဉ်မောင်းဖြစ်သူ ရခိုင်လေးတို့ကို ပုဒ်မ ၃၂၆/၃၄ ဖြင့် တရားစွဲခဲ့ပြီး ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးအား ရာဇသတ်ကြီးပုဒ်မ ၃၂၅ ဖြင့် တရားစွဲဆိုခဲ့ကာ ရာဇဝတ်ကျင့်ထုံး ၄၉၆ အရ အာမခံပေးခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ တွဲဖက်မြို့နယ်တရားသူကြီး ဦးဇေယျာဦးက ပြောကြားခဲ့သည်။

“ ဒီနေ့မှာတော့ မင်းရာဇာ ၊ မဖူးငုံပွင့် ၊ ရခိုင်လေးတို့ သုံးဦးကို ပုဒ်မ ၃၂၆/၃၄ နဲ့ တရားစွဲတယ်။ သူတို့ သုံးဦးကိုတော့ မေ ၂၁ ရက်ထိ ချုပ်မိန့်ပေး ရွှေ့ဆိုင်း ချိန်းဆိုထားပါတယ်။ ဦးမောင်မောင်အေး ကိုတော့ ရာဇသတ်ကြီးပုဒ်မ ၃၂၅ နဲ့စွဲဆိုတင်ပို့တဲ့အမှုမှာတော့ ရာဇဝတ်ကျင့်ထုံး ၄၉၆ အရ အာမခံလျှောက်ထားလာမှု ရှိပါတယ်။ အာမခံလျှောက်ထားလာမှုအပေါ်မှာ အမှုစစ်တရားသူကြီးအနေနဲ့ အာမခံသူများ စိစစ်ပြီး ရာဇဝတ်ကျင့်ထုံး ၄၉၆ အရ ခိုင်လုံသော ခံဝန်သူနှစ်ဦးနဲ့အတူ ဥပဒေနဲ့အညီ ခံဝန်ပေးထားရှိခဲ့တာ ရှိပါတယ်။ ဒီအမှုကိုလည်း မေ ၂၁ ရက် ပြန်လည် ရွှေ့ဆိုင်းထားတာရှိပါတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ တွဲဖက်မြို့နယ်တရားသူကြီး ဦးဇေယျာဦးက ပြောကြားခဲ့သည်။

သရုပ်ဆောင် မင်းရာဇာ ၊ မဖူးငုံပွင့် နှင့် ရခိုင်လေးတို့အား စွဲဆိုထားသည့် ရာဇသတ်ကြီး ပုဒ်မ ၃၂၆ မှာ ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် သို့တည်းမဟုတ် မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှု ဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် တစ်သက်တကျွန်းဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ထို့ပြင် မင်းရာဇာတို့အား ရာဇသတ်ကြီးပုဒ်မ ၃၂၆ အပြင် ၃၄ ကိုလည်းတွဲကာ တရားစွဲဆိုထားခြင်း ဖြစ်သည်။ ပုဒ်မ ၃၄ ဆိုသည်မှာ အကြံတူတစ်ခုကို ပူးပေါင်းပါဝင်ကြောင်း ပြဋ္ဌာန်းထားသည့် ပုဒ်မဖြစ်သည်။

မင်းရာဇာ၏ ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးအား စွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ၃၂၅ မှာ အပြင်းအထန် နာကျင်စေမှုဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်မှာ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။
သရုပ်ဆောင်မင်းရာဇာအပါအဝင် လေးဦးအား အက်ဆစ်ဖြင့်အပက်ခံရသည့် အမျိုးသမီးငယ်၏ မိခင်က မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
အက်ဆစ်ဖြင့် အပက်ခံရသဖြင့် အမျိုးသမီးငယ်၏ မိခင်ဖြစ်သူမှာ လွန်ခဲ့သည့်ရက်အနည်းငယ်က facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သရုပ်ဆောင်မင်းရာဇာ၏ ဇနီးတင်ထားသည့် လူမှုရေးဖောက်ပြန်မှု အသံဖိုင်ကို ကြားသိရသဖြင့် သမီးဖြစ်သူထံ သွားရောက်မေးမြန်းခဲ့ကြောင်း သိရသည်။

ထိုသို့မေးမြန်းရာ ရွှေပေါက္ကံရှိနေအိမ်သို့ သရုပ်ဆောင်မင်းရာဇာနှင့် ၎င်း၏ဇနီးတို့ ရောက်ရှိလာပြီး ဘောင်းဘီ ချွတ်ကာ အက်စစ်ဖြင့် ပက်ခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်ရက်ခန့်ကလည်း မင်းရာဇာ၏ယောက္ခမဖြစ်သူက ဦးခေါင်းကိုတူဖြင့် ထုသည့်အတွက် သွေးထွက်ဒဏ်ရာများရရှိသည်ဟု ပြောကြားခြင်းကြောင့် အမှုဖွင့် တိုင်ကြားခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းအရသိသည်။
ယင်းအမှုနှင့် ပတ်သက်ပြီး ယခင်က ရွှေပေါက္ကံရဲစခန်းက သရုပ်ဆောင်မင်းရာဇာအပါအဝင် လေးဦးကို (ပ)၅၀၅၊ ရာဇသတ်ကြီးပုဒ်မ-၃၂၄/၃၂၅/၃၅၄နှင့်၁၁၄ စသည့် ပုဒ်မများဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သရုပ်ဆောင် မင်းရာဇာမှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့့် တာမွေမြို့နယ်တရားရုံးတွင် အမှုဖွင့်ထားပြီး ချုပ်ရမန်ယူထားကြောင်း သိရသည်။















