မေ ၂၅ ရက်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးကလေးငယ်များနေ့တွင် FIFA၊ ECA တို့နှင့်ပူးပေါင်း၍ ကလပ်အသင်း ၇၀ ကျော်က လူမှုမီဒီယာမှတစ်ဆင့် ကူညီဆောင်ရွက်မည်

မေ ၂၅ ရက်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးကလေးငယ်များနေ့တွင် FIFA၊ ECA တို့နှင့်ပူးပေါင်း၍ ကလပ်အသင်း ၇၀ ကျော်က လူမှုမီဒီယာမှတစ်ဆင့် ကူညီဆောင်ရွက်မည်
Photos : ECA, Roma Twitter
Photos : ECA, Roma Twitter
Published 7 May 2020

မေ ၂၅ ရက်တွင်ကျရောက်မည့် အပြည် ပြည်ဆိုင်ရာ ပျောက်ဆုံးကလေးငယ်များနေ့ (International Missing Children's Day) တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)၊ ဥရောပကလပ်အသင်းများအဖွဲ့ (ECA) တို့နှင့်ပူးပေါင်း၍ ကမ္ဘာတစ်ဝန်းရှိ ကလပ် အသင်း ၇၀ ကျော်က လူမှုမီဒီယာမှတစ်ဆင့် ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

''Football Cares'' ဟု အမည်ပေးထားသည့် လှုပ်ရှားမှုကို အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးနှင့် ကလေးသူငယ်အခွင့်အရေး အမြတ်ထုတ်ခံရခြင်းစင်တာ (ICMEC) နှင့် FIFA၊ ECA တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒစ်လီဂါ၊ လီဂူး-၁ စသည့် ဥရောပထိပ်တန်းလိဂ် ငါးခုမှ ကလပ်အသင်းများအပါအဝင် ကမ္ဘာတစ်ဝန်း နိုင်ငံစုစုပေါင်း ၃၇ နိုင်ငံမှ ကလပ်အသင်း ၇၇ သင်းက ကူညီဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးကလေးငယ်များ ရှာဖွေမှုအစီအစဉ်ကို ပထမဆုံးအကောင်အထည်ဖော်ခဲ့သည့်အသင်းမှာ စီးရီးအေကလပ် ရိုးမားအသင်းဖြစ်ပြီး ၂၀၁၉-  ၂၀၂၀ ရာသီ နွေရာသီနှင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူကြောင်း Twitter မှတစ်ဆင့် ထုတ်ပြန်ကြေညာစဉ် ပျောက်ဆုံးနေသည့် ကလေးငယ်များ၏ ဓာတ်ပုံနှင့် အချက်အလက်များကိုပါ ပူးတွဲထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။

ရိုးမားအသင်း၏ ကူညီဆောင်ရွက်မှုကြောင့် ခြောက်ဦး ပြန်လည်တွေ့ရှိပြီးနောက် ကမ္ဘာတစ်ဝန်းရှိကလပ်အသင်းများကပါ လူမှုမီဒီယာမှတစ်ဆင့် လှုပ်ရှားမှုအစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကလပ်များအနေ ဖြင့် မေ ၂၅ ရက်တွင် ကမ္ဘာတစ်ဝန်းပျောက်ဆုံးကလေးငယ်များ၏ဗီဒီယိုကို လူမှုမီဒီယာ၌ တင်ထားပေးမည်ဖြစ်ကြောင်း သိရသည်။

''ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ် ကလေးငယ်တစ်သန်းကျော် ပျောက်ဆုံးနေပါတယ်။ သူတို့တွေ ဘေးကင်းလုံခြုံစွာနဲ့ အိမ်ကို အမြန်ဆုံးပြန်ခွင့်ရရေးက အဓိကကျပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးကလေးငယ်များနေ့မှာ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအသိုင်းအဝိုင်းရဲ့ ပံံ့ပိုးကူညီမှုရရှိတဲ့အတွက် ဂုဏ်ယူပါတယ်''ဟု ICMEC ၏ အမှုဆောင်ချုပ် ဘော့ကန်နင်ဂမ် က ပြောကြားသည်။

■ Football Cares လှုပ်ရှားမှုတွင် ပါဝင်ကူညီမည့် ထိပ်တန်းကလပ်များ

အတ္တလန္တာ၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ လာဇီယို၊ ရိုးမား (အီတလီ)၊ ဘီလ်ဘာအို၊ အက်သလက်တီကို ၊ ဘာစီ လိုနာ၊ ဗလင်စီယာ (စပိန်)၊ အယ်လ်ခမာ (နယ်သာလန်)၊ လေဗာကူဆင်၊ ဒေါ့မွန်၊ ဟော်ဖန်ဟင်မ်၊ ဝုလ်ဖ်ဘတ် (ဂျာမနီ)၊ ဘင်ဖီကာ (ပေါ်တူဂီ)၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ စပါး (အင်္ဂလန်)၊ မာဆေးလ် (ပြင်သစ်)

 

Most Read

Most Recent