၂၀၂၀ ပြည့်နှစ် မတ်တွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၀ ဒသမ ၀၆ ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၆ ဒသမ ၆၁ ရာခိုင်နှုန်းမြင့်တက်

၂၀၂၀ ပြည့်နှစ် မတ်တွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၀ ဒသမ ၀၆ ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၆ ဒသမ ၆၁ ရာခိုင်နှုန်းမြင့်တက်
ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်းရှိ စျေးတစ်စျေးမှ စျေးသည်စျေးဝယ်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ- သီဟအောင်)
ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်းရှိ စျေးတစ်စျေးမှ စျေးသည်စျေးဝယ်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ- သီဟအောင်)
Published 6 May 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ် မတ်တွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၀ ဒသမ ၀၆ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၆ ဒသမ ၆၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့်  ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၂၀ ပြည့်နှစ် မတ်တွင် အစားအစာအုပ်စု၏ စျေးဆနှုန်းမှာ ၁၇၂ ဒသမ ၄၀ ဖြစ်ပြီး ယခင်လ ဖေဖော်ဝါရီအခြေအနေ ၁၇၂ ဒသမ ၇၆ နှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၂၁ ရာခိုင်နှုန်း ကျဆင်းလာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မတ်တွင် အစားအစာမဟုတ်သော အုပ်စု၏ စျေးဆနှုန်းမှာ ၁၄၂ ဒသမ ၆၉ ဖြစ်သဖြင့် ယခင်လ ဖေဖော်ဝါရီအခြေအနေ ၁၄၅ ဒသမ ၁၅ နှင့်နှိုင်းယှဉ်ပါက ၁ ဒသမ ၇၀ ကျဆင်းလာကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် မတ်အတွက် တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၇၂ ဒသမ ၄၀၊ အစားအစာမဟုတ်သော အုပ်စုအတွက် ၁၄၂ ဒသမ ၆၉ နှင့် အုပ်စုအားလုံးအတွက် ၁၆၀ ဒသမ ၀၆ ရှိပြီး ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်တွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၆ ဒသမ ၆၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်ကာလတူထက် စားသုံးသူစျေးဆနှုန်း မြင့်တက်လာခြင်းမှာ စားသုံးသူစျေးဆနှုန်း တွက်ချက်ရန် ကောက်ခံသည့် အုပ်စုအားလုံးတွင် ပါဝင်သည့် ကုန်ပစ္စည်းစျေးနှုန်းများ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာမြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်မှ ၂၀၂၀ ပြည့်နှစ် မတ်အထိ တစ်နှစ်တာအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ် မတ်တွင် ၁၅၀ ဒသမ ၁၃ ရှိခဲ့ရာမှ တဖြည်းဖြည်း ပြန်လည်မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ၁၆၁ ဒသမ ၇၂ ဖြစ်ပေါ်ခဲ့သည်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှစ၍ အစားအစာအုပ်စုစျေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာခဲ့ရာ မတ်တွင်လည်း ဆက်လက်ကျဆင်းနေခြင်းကြောင့် စားသုံးသူစျေးဆနှုန်းမှာ ဆက်လက်ကျဆင်းလာခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်ထားသည်။

၂၀၂၀ ပြည့်နှစ် မတ်အတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၆၀ ဒသမ ၀၆ ဖြစ်ရာ ယခင်နှစ်အလားတူလ၏ စားသုံးသူစျေးဆနှုန်း ၁၅၀ ဒသမ ၁၃ နှင့် နှိုင်းယှဉ်ပါက ၆ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မတ်တွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးအုပ်စု၏ စျေးနှုန်းများ ကျဆင်းလာခဲ့သော်လည်း ကျန်အုပ်စုအားလုံးတွင် ပါဝင်သော ကုန်ပစ္စည်းစျေးနှုန်းများမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာမြင့်တက်လာခဲ့သည်။

၂၀၂၀ ပြည့်နှစ် မတ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းများကို ကြည့်ပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီးသုံးမြို့ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) တွင် ယခင်လနှင့်နှိုင်းယှဉ်ပါက တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ကျဆင်းနေသည်ကို တွေ့ရှိရသည်။ နှစ်အလိုက်ပြောင်းလဲမှု ရာခိုင်နှုန်းအနေဖြင့် မန္တလေးမြို့တွင် ၁၂ ဒသမ ၃၆ ရာခိုင်နှုန်းဖြင့် အများဆုံးပြောင်းလဲမှုဖြစ်ပေါ်နေပြီး မွန်ပြည်နယ်တွင် ၂ ဒသမ ၈၁ ရာခိုင်နှုန်းဖြင့် အနည်းဆုံးပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲ တွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရသည်။ စားသုံးသူစျေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာမဟုတ်သော အုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုးရွေးချယ်ခဲ့ပြီး စုစုပေါင်း ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူတွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် မတ်အထိ တစ်နှစ်ပျမ်းမျှ ၉ ဒသမ ၁၀ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၆ ဒသမ ၆၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။              

Most Read

Most Recent