NLD ပါတီဝင် အမျိုသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဌေးကြွယ် ကင်ဆာရောဂါဖြင့် ကွယ်လွန်

NLD ပါတီဝင် အမျိုသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဌေးကြွယ် ကင်ဆာရောဂါဖြင့် ကွယ်လွန်
Published 2 May 2020
ဉာဏ်လင်းထွန်း

NLD ပါတီဝင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဌေးကြွယ်သည် ကင်ဆာရောဂါဖြင့် ယနေ့(မေ ၂ ရက်) နံနက်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဒေါက်တာ ဌေးကြွယ်သည် အူမကြီးကင်ဆာရောဂါ စတင်ခံစားရပြီး နောက်ပိုင်းတွင် အသည်းကင်ဆာပါ ထပ်မံခံစားခဲ့ရကာ အဆိုပါကင်ဆာရောဂါများဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅)  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းက ပြောကြားသည်။

“ရောဂါကတော့ အသည်းကင်ဆာရောဂါနဲ့ ဆုံးပါတယ်။ ရန်ကုန် ၀ိတိုရိယဆေးရုံကြီးမှာ သူ့သားပြောကြားချက်အရ ဒီနေ့ မနက် ၇ နာရီ ၂၅ မှာ ကွယ်လွန်သွားပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းက ပြောကြားသည်။

ဒေါက်တာ ဌေးကြွယ်သည် အဆိုပါကင်ဆာရောဂါများကြောင့် ၁၅ ကြိမ်မြောက် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး တစ်လျှောက်လုံးကို တက်ရောက်နိုင်ခြင်းမရှိခဲ့ဘဲ ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်းသိရသည်။

၎င်းသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် ဒဂုံမြိုသစ် အရှေ့ပိုင်း စသည် ့မြို့နယ်သုံးခုပါဝင်သော  အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဌေးကြွယ်သည် အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၏ ဥက္ကဋ္ဌဖြစ်ပြီး လွှတ်တော်သက်တမ်းတစ်လျှောက် ကိုယ်စားလှယ်တစ်ဦး၏ လုပ်ငန်းတာဝန်နှင့် ပါတီတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ခဲ့သူဖြစ်သောကြောင့် ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များက မှတ်ချက်ပြုသည်။

ဒေါက်တာဌေးကြွယ်၏ စျာပနကို နေ့ချင်းပြီး ပြုလုပ်မည်ဖြစ်ပြီး  အမျိုးသားလွှတ်တော်မှ ထုတ်ပြန်သည့် အမိန့်ပြန်တမ်းကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅)  ကိုယ်စားလှယ်  ဦးဘမျိုးသိန်းက ဖတ်ကြားမည်ဟု သိရသည်။

ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာဌေးကြွယ်သည် ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် ပညာသင်ကြားခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံကြီးတွင် လက်ထောက်ဆရာဝန်နှင့် NLD ပါတီ မြောက်ဥက္ကလာပမြို့နယ် မြို့နယ် လူမှုအထောက်အကူပြု ကျန်းမာရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ကာ ကွယ်လွန်ချိန်တွင် အသက် ၆၉ နှစ်အရွယ်ရှိပြီ ဖြစ်ကြောင်းသိရသည်။

 

 

Most Read

Most Recent