ဥရောပလိဂ်များ ပြန်လည်စတင်မည့်အချိန်ကို မေ ၂၅ ရက်နောက်ဆုံးထား၍ UEFA ထံ အကြောင်းကြားရမည်

ဥရောပလိဂ်များ ပြန်လည်စတင်မည့်အချိန်ကို မေ ၂၅ ရက်နောက်ဆုံးထား၍ UEFA ထံ အကြောင်းကြားရမည်
Published 30 April 2020

 

ဥရောပလိဂ်ပြိုင်ပွဲများအနေဖြင့် ယခု ရာသီ လက်ကျန်ပွဲများ ပြန်လည်စတင်မည့်အချိန်ကို မေ ၂၅ ရက် နောက်ဆုံးထား၍ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ထံ အကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။

UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်က အဖွဲ့ဝင်ဘောလုံးအဖွဲ့ချုပ် ၅၅ ခုထံ ပေးပို့ထားသည့်စာတွင် နိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် လိဂ်ပြိုင်ပွဲများအနေဖြင့် ပြည်တွင်းပြိုင်ပွဲများ ပြန်လည်စတင်မည့်အချိန်ကို မေ ၂၅ ရက်တွင် အသိပေးအကြောင်းကြားရမည်ဖြစ်သလို ရာသီဖျက်သိမ်းသည့်လိဂ်များမှာလည်း ၂၀၂၀-၂၀၂၁ ရာသီ ဥရောပကလပ်ပြိုင်ပွဲဝင်ခွင့်ပြုမည့်စာရင်းကို မေ ၂၅ ရက်တွင် ပေးပို့ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ 

''နိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် လိဂ်ပြိုင်ပွဲများအနေဖြင့် ၎င်းတို့၏ ပြည်တွင်းပြိုင်ပွဲများ ပြန်လည်စတင်မည့် အစီအစဉ်၊ စတင်မည့်နေ့နှင့် သင့်လျော်သည့် ပြိုင်ပွဲပုံစံကျင်းပမည့်အစီအစဉ်ကို ၂၀၂၀ မေ ၂၅ ရက်တွင် UEFA ထံ ပေးပို့ရမည်ဖြစ်သည်။ ပြည်တွင်းပြိုင်ပွဲများကို သတ်မှတ်ချိန်ထက်စော၍ ဖျက်သိမ်းရာတွင် ခိုင်လုံသည့် အကြောင်းပြချက်ရှိရန် လိုအပ်သည်''ဟု UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်က ထည့်သွင်းရေးသားထားသည်။

UEFA သည် ပြည်တွင်းပြိုင်ပွဲများကို တတ်နိုင်သမျှ ပြီးဆုံးအောင် ဆက်လက်ကျင်းပရန် တိုက်တွန်းထားပြီး အကယ်၍ ဖျက်သိမ်းရပါက လာမည့်ရာသီ ဥရောပပြိုင်ပွဲဝင်ခွင့်ကို အားကစားဆိုင်ရာအရည်အသွေးဖြင့် ရွေးချယ်ရန် ညွှန်ကြားထားသည်။ 

UEFA အနေဖြင့် ရာသီဖျက်သိမ်းသည့် လိဂ်ပြိုင်ပွဲများအား Play-off ပုံစံ ပြိုင်ပွဲငယ်တစ်ခုကျင်းပ၍ ဆုံးဖြတ်ရန် တိုက်တွန်းခြင်းဖြစ်နိုင်ကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။

 

Most Read

Most Recent