တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၌ ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်သူ ၂၅ ဦးအား ငွေဒဏ် ကျပ် ၅၀၀၀၀ စီ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဧပြီ ၂၁ ရက်မှ စတင်ကာ နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း နေအိမ်ပြင်ပမှ ထွက်ခွာလာခြင်း၊ စုဝေးခြင်း မပြုရန် ထုတ်ပြန်ထားသည့်အမိန့်ကို မလိုက်နာသူများအား ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက တရားလိုပြုလုပ်ပြီး စွပ်စွဲခံရသူ အောင်အောင်ပါ ၂၅ ဦးအပေါ် ထားဝယ်မြို့နယ် တရားရုံးထံ ဧပြီ ၂၇ ရက်က ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအမှုကို ထားဝယ်မြို့နယ်တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ် ၁၄၂၂/၂၀၂၀ မှ ၁၄၄၀/၂၀၂၀ အထိ စုစုပေါင်းအမှု ၁၉ မှု ဖွင့်လှစ်ခဲ့ပြီး စစ်ဆေးခဲ့ရာ စွပ်စွဲခံရသူများ က အပြစ်ရှိကြောင်း ဝန်ခံခဲ့သဖြင့် ရာဇသတ် ကြီး ပုဒ်မ ၁၈၈ (ဒုတိယပိုင်း)အရ ငွေဒဏ် ကျပ် ၅၀၀၀၀ စီ ပေးဆောင်စေရန်နှင့် ငွေဒဏ် မဆောင် ပျက်ကွက်က အလုပ်နှင့်ထောင်ဒဏ် ၁၅ ရက်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ထားဝယ်မြို့နယ် တရားသူကြီးထံမှ သိရသည်။
“ပြစ်ဒဏ်ချမှတ်ခံရသူ အားလုံးကတော့ ညမထွက်ရအမိန့်ကို သိရှိသူများ ဖြစ်ပါတယ်။ ဒီစွပ်စွဲခံရသူဟာဆိုရင် ပထမဦးဆုံးအကြိမ် ဖြစ်တဲ့သူတွေဖြစ်တယ်။ ပြစ်မှုကျူးလွန်တဲ့သူကို ပထမဆုံးအကြိမ် အနေနဲ့တော့ အသိပညာပေးတဲ့ အနေနဲ့ ချမှတ်ခြင်း ဖြစ်ပါတယ်” ဟု ထားဝယ်မြို့နယ် တရားသူကြီး ဒေါ်မြင့်မြင့်စန်းက ပြောကြားသည်။
ရာဇသတ်ကြီးပုဒ်မ ၁၈၈ (ဒုတိယပိုင်း) အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသူကို ခြောက်လအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ကျပ်တစ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီး ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ် တရားစွဲဆိုခြင်းခံရသူ ၂၅ ဦးလုံးမှာ ငွေဒဏ်ပေးဆောင်ခဲ့ပြီးနောက် ပြန်လည်လွတ်မြောက် လာခဲ့သည်ဟု သိရသည်။
ထားဝယ်မြို့နယ်တွင် ညမထွက်ရအမိန့် စတင်သက်ရောက်ခဲ့သည့် ဧပြီ ၂၁ ရက်မှ ဧပြီ ၂၆ ရက်အထိ အမိန့်ကို ဖောက်ဖျက်ကျူး လွန်ခဲ့သူများမှာ ဧပြီ ၂၄ ရက် ညတွင် ၁၁ ဦး၊ ၂၅ ရက်တွင် သုံးဦးနှင့်၂၆ ရက်တွင် ၁၂ ဦး စုစုပေါင်း ၂၆ ဦးကို ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့ လှည့်ကင်းများမှ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ ဧပြီ ၂၇ ရက်က ထားဝယ်မြို့နယ် တရားရုံးသို့ စွဲတင်ခဲ့သူမှာ ၂၅ ဦးဖြစ်ကာ ကျန်တစ်ဦးမှာ ယမန်နေ့ညက ညမထွက်ရအမိန့် ကြေညာထားသည့် အချိန်တွင် လမ်းမပေါ်တွင် သွားလာနေ၍ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် ဆိုင်ကယ် မတော်တဆဖြစ်ကာ ဒဏ်ရာရရှိ သွားခဲ့သောကြောင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသနေရပြီး တာဝန်ကျ ဆရာဝန်ကြီးက တရားရုံးသို့ သွားရောက်ရန် အဆင်မပြေဟုပြော၍ တရားစွဲတင်နိုင်ခဲ့ခြင်း မရှိကြောင်း၊ သက်သာလာ၍ ဆေးရုံဆင်းချိန်တွင် အမှုစွဲတင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။
ညမထွက်ရအမိန့် စတင်ထုတ်ပြန်သည့် ဧပြီ ၂၁ ရက်မှစ၍ ညပိုင်းများတွင် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပါဝင်သည့်အဖွဲ့ဖြင့် နေ့စဉ်လှည့်ကင်းများ ဆောင်ရွက်နေပြီး စည်းကမ်းဖောက်ဖျက် သူများကို ထပ်မံဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း သိရသည်။















