စီးပွားရေးကဏ္ဍစုံ၊ နယ်ပယ်စုံတွင် ပြန်လည်ထူထောင်နိုင်မည့် နည်းလမ်းများ ပါဝင်သည့် COVID-19 ဘက်စုံ တုံ့ပြန်ရေးစီမံချက် မကြာမီ အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

စီးပွားရေးကဏ္ဍစုံ၊ နယ်ပယ်စုံတွင် ပြန်လည်ထူထောင်နိုင်မည့် နည်းလမ်းများ ပါဝင်သည့် COVID-19 ဘက်စုံ တုံ့ပြန်ရေးစီမံချက် မကြာမီ အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
ဧပြီ ၂၃ ရက်တွင် ပြုလုပ်ခဲ့သည့် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အစည်းအဝေးကို တွေ့ရစဉ်
ဧပြီ ၂၃ ရက်တွင် ပြုလုပ်ခဲ့သည့် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အစည်းအဝေးကို တွေ့ရစဉ်
Published 27 April 2020
နီလာ

စီးပွားရေးကဏ္ဍစုံ နယ်ပယ်စုံတွင် ပြန်လည်ထူထောင်နိုင်မည့် နည်းလမ်းများ ပါဝင်သည့် COVID-19 ဘက်စုံတုံ့ပြန်ရေး စီမံချက် မကြာမီ အကောင်အထည် ဖော်တော့မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားလျက်ရှိရာ အိမ်ထောင်စုများနှင့် စီးပွားရေး လုပ်ငန်းများအပေါ် လူမှုစီးပွားထိခိုက်မှုများ တတ်နိုင်သမျှ အနည်းဆုံးဖြစ်စေရန်၊ လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် COVID-19 ဘက်စုံတုံ့ပြန်ရေး စီမံချက်ကို မကြာမီ အကောင်အထည် ဖော်တော့မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ရေးသားသည့် “COVID-19 ကပ်ရောဂါတိုက်ဖျက်ဖို့ တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်ကြပါစို့” ဆောင်းပါးတွင် ဖော်ပြထားသည်။

အဆိုပါစီမံချက်တွင် မူဝါဒဆိုင်ရာပြု ပြင်ပြောင်းလဲမှုများ၊ လုပ်ငန်းစဉ်များ ပါဝင်ပြီး နယ်ပယ်စုံ၊ ကဏ္ဍစုံတွင် ပြန်လည်ထူ ထောင်နိုင်မည့်နည်းလမ်းများ ပါဝင်သည့်အတွက် မြန်မာနိုင်ငံ၏ COVID-19 ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းပြမြေပုံအဖြစ် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

မူဝါဒချမှတ်ရာတွင်လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွန်အခများနှင့် အလုပ်လုပ်ကိုင်ခြင်းအတွက် ဝင်ငွေခွန်းများ ပိုမိုကောက်ခံခြင်း ကဲ့သို့သော မူဝါဒများကို ချမှတ်သွားမည် မဟုတ်ဘဲ လက်ရှိမြန်မာနိုင်ငံသားများ ရရှိခံစားလျက်ရှိသည့် လူမှုဖူလုံရေးဆိုင်ရာ ခံစားခွင့်များနှင့် စီးပွားရေးဆိုင်ရာ အခြေခံ ခံစားခွင့်များကို ထိခိုက်မှုမရှိသည့် မူဝါဒများကိုသာ ချမှတ်သွားမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါကို တွန်းလှန်နိုင်ရန် ကြိုးပမ်းလျက်ရှိရာတွင် မြန်မာနိုင်ငံ အနေဖြင့်လည်း တိကျသည့် စီမံချက်များချမှတ်၍ တွန်းလှန်သွားရန် လိုအပ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

မြန်မာနိုင်ငံအတွက် အရေးပေါ် လိုအပ်လျက်ရှိသော COVID-19 ရောဂါကာကွယ်ရေးနှင့် ကုသရေးအတွက် လိုအပ်သည့် အကူအညီ အထောက်အပံ့နှင့် ချေးငွေများနှင့် စပ်လျဉ်း၍ ADB နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ADB ၏ Country Director ဖြစ်သူ Mr.Newin Sinsiri က ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ Country Director ဖြစ်သူ Mr.Newin Sinsiri တို့ ပြီးခဲ့သည့် မတ်လအတွင်းက တွေ့ဆုံဆွေးနွေးစဉ် ADB ၏ Country Director ဖြစ်သူက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ADB ၏ Country Director က အာရှဖွံ့ဖြိုးရေးဘဏ် အနေဖြင့် COVID-19 ကူးစက်ရောဂါ ကျရောက်လျက်ရှိသော ကမ္ဘာ့နိုင်ငံများ၌ အရေးပေါ် လိုအပ်လျက်ရှိသည့် ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများအတွက် ရန်ပုံငွေဒေါ်လာ ၆ ဒသမ ၅ ဘီလျံ လျာထားဆောင်ရွက် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွက် အရေးပေါ်လိုအပ်သော COVID-19 ရောဂါကာကွယ်ရေးနှင့် ကုသရေးအတွက် လိုအပ်သည့် အကူအညီ အထောက်အပံ့နှင့် ချေးငွေများနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

လတ်တလော အနေဖြင့် မဟာမဲခေါင်ဒေသခွဲ ကျန်းမာရေး စောင့်ရှောက်မှုစီမံချက်အောက်မှ ရန်ပုံငွေ ဒေါ်လာတစ်သန်းဖြင့် မြန်မာနိုင်ငံအတွက် အရေးပေါ် လိုအပ်လျက်ရှိသော COVID-19 ရောဂါရှာဖွေရေး Rapid Test Kit  များ၊ ကျန်းမာရေး ဝန်ထမ်းများအတွက် အကာအကွယ် ဝတ်စုံများနှင့် ကုသရေးအတွက် လိုအပ်သည့် အထောက်အကူ ပစ္စည်းများ ဝယ်ယူနိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်အနေဖြင့် COVID-19 စိန်ခေါ်မှုကို ရင်ဆိုင်နေရသည့်နိုင်ငံများကို ချေးငွေဒေါ်လာ ၁၄ ဘီလျံ ပံ့ပိုးကူညီပေးမည်ဖြစ်ရာ မြန်မာနိုင်ငံအတွက် ဒေါ်လာ သန်း ၅၀ ကို Fast Track Facility ဖြင့် ပေးအပ်မည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ Country Director Mr. Gevorg Sargsyan က ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်၏ Country Director Mr. Gevorg Sargsyan နှင့် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းတို့ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

Most Read

Most Recent