ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် ဂျပန်အခြေစိုက် ANA လေကြောင်းလိုင်းမှ နာရီတာ-ရန်ကုန် Relief Flight ပျံသန်းမည်ဖြစ်ပြီး လိုက်ပါလိုသော ခရီးသည်များ အနေဖြင့် မြန်မာသံရုံးသို့ မဖြစ်မနေ ဆက်သွယ်ရန် လိုအပ်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
COVID-19 ကူးစက်မှုကို ကန့်သတ်ထိန်းချုပ်နိုင်ရန် ချမှတ်ထားသည့် အစီအမံများကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ခြင်း မရှိဘဲ ဂျပန်နိုင်ငံတွင် အခက်အခဲများ ရင်ဆိုင်နေကြရသော မြန်မာနိုင်ငံသားများနှင့် မိသားစုများနှင့် စပ်လျဉ်း၍ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြထားခဲ့ကြောင်း သိရသည်။
တိုကျိုမြို့ရှိ မြန်မာသံရုံး အနေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းချက်အရ All Nippon Airways ရုံးချုပ်နှင့် ညှိနှိုင်းမှုများ ပြုလုပ်၍ တိုကျိုမြို့ရှိ နာရီတာလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ လူသားချင်း စာနာမှု အကူအညီလေယာဉ် Relief Flight ပျံသန်းရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် ခရီးသည် အရေအတွက်ပေါ် မူတည်၍ လေယာဉ်စီစဉ်သွားရန် ရှိပါသဖြင့် All Nippon Airways လေယာဉ်လက်မှတ် ဝယ်ယူထားသူများ အနေဖြင့် မြန်မာသံရုံးသို့ ဆောလျင်စွာ အသိပေးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၈ရက် နောက်ဆုံးထား၍ အမည်၊ နိုင်ငံကူးလက်မှတ် အပါအဝင် အခြားလိုအပ်ချက်များကို သံရုံးအီးမေးလ် metokyo.myanmar@gmail.com သို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
All Nippon Airways လေကြောင်းလိုင်း အနေဖြင့် Relief Flight ပျံသန်းမည် ဆိုပါက ၂၀၂၀ ပြည့်နှစ် မေလပထမ အပတ်တွင် ပျံသန်းရန် စီစဉ်ထားပြီး တိုကျိုမြို့ နာရီတာလေဆိပ်မှ နံနက် ၀၈း၁၅ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်လေဆိပ်သို့ မွန်းလွဲ ၁၃း၁၅ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ လိုက်ပါလိုသည့် ခရီးသည်များ အနေဖြင့် ANA Check-in Counter သို့ နံနက် ၀၆းဝ၀ နာရီထက် နောက်မကျစေဘဲ ရောက်ရှိရန် လိုအပ်မည်ဖြစ်ပြီး လေဆိပ်ကောင်တာသည် နံနက် ၀၇ း ၃၀ နာရီတွင် ပိတ်မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် သုံးလတာအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည် ၁ ဒသမ ၄၆ သန်း ဝင်ထွက်ခဲ့ပြီး နိုင်ငံတကာ ခရီးသည် ဝင်ထွက်သွားလာမှု ယခင်နှစ် ကာလတူဖြင့် နှိုင်းယှဉ်ပါက၂၆ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ သတင်းရရှိသည်။
ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ နိုင်ငံတကာခရီးသည် ဝင်ထွက်မှုသည် ၁၁၉၆၀၄၂ ဦးမှ ၈၈၃၁၉၄ ဦးအထိ ကျဆင်းခဲ့ပြီး ၂၆ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ပြည်တွင်းခရီးသည် ဝင်ထွက်သွားလာမှုသည် ၅၆၀၉၇၈ မှ ၅၇၂၆၅၆ အထိ ၂ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ရန်ကုန်လေဆိပ်ကို ဝန်ဆောင်မှုပေးနေသည့် YACL က ထုတ်ပြန်ခဲ့သည်။















