Quarantine Center ၁၄၉ ခု ဖွင့်လှစ်ထားသည့် ဟင်္သာတမြို့နယ်၌ ရန်ကုန်ပြန် လူဦးရေ ၂၀၀၀ ကျော်ကို အသွားအလာကန့်သတ်စောင့်ကြည့်နေ

Quarantine Center ၁၄၉ ခု ဖွင့်လှစ်ထားသည့် ဟင်္သာတမြို့နယ်၌ ရန်ကုန်ပြန် လူဦးရေ ၂၀၀၀ ကျော်ကို အသွားအလာကန့်သတ်စောင့်ကြည့်နေ
Published 26 April 2020
အောင်ကျော်မျိုး(ဟင်္သာတ)

Quarantine Center  ၁၄၉ ခု ဖွင့်လှစ် ထားသည့် ဟင်္သာတမြို့နယ်၌ ရန်ကုန်ပြန် လူဦးရေ ၂၀၀၀ ကျော်ကို အသွားအလာ ကန့်သတ်စောင့်ကြည့်နေကြောင်း သိရသည်။

Stay At Home အစီအစဉ်၌ အကျုံးဝင်သည့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များမှ ပြန်လာသူများအား ဧပြီ ၂၁ ရက်မှစ၍ အသွားအလာကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဆီမှာ ပြည်တွင်းပြန် တွေကို ရွှေသာလျောင်းဘုန်းကြီးကျောင်းမှာ ထားရှိပေးထားပါတယ်။ ပြည်တွင်းပြန်တွေ က ရန်ကုန်အထည်ချုပ်စက်ရုံတွေက ပြန် လာသူတွေ များပါတယ်။ ပြည်ဘက်က ပြန် လာတာက ကျွန်တော်တို့ဆီမှာ တစ်ယောက် ပဲရှိတယ်။ ကျန်းမာရေးဆရာမတွေ ကတော့ သူ့အချိန်နဲ့သူလာပြီးစောင့်ကြည့်ပေးနေပါတယ်။ လိုအပ်တဲ့အကူအညီတွေကိုတော့ ကျွန်တော်တို့ ပရဟိတအဖွဲ့က လာရောက် ကူညီပေးလျက်ရှိပါတယ်” ဟု ဟင်္သာတမြို့ နယ်၊ နိဗ္ဗာန်တိုက်နယ်ရှိ ရွှေမှုန်နာရေးကူညီမှု အသင်းမှ ကိုဇော်မင်းက ပြောကြားသည်။

ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၂၀ ကျော်ရှိ သည့် ဟင်္သာတမြို့နယ်၌  Quarantine Center  များကို နေရာဒေသအနှံ့ ထားရချိန်တွင် ကာကွယ်ရေးပစ္စည်းနှင့် အခြားလိုအပ် ချက်များရှိနေသဖြင့် ပံ့ပိုးလှူဒါန်းမှုများ လိုအပ်လျက်ရှိသည်။

“ကျွန်မတို့ ဟင်္သာတတစ်မြို့နယ်လုံးအနေနဲ့ပြောရရင်  Quarantine Center  ၁၄၉ ခုမှာ လူဦးရေ၂၀၄၈ ဦး အသွားအလာ ကန့်သတ်စောင့်ကြည့်နေပါတယ်။ သင်္ကြန် ပြီးခါစမှာ ကောက်ထားတဲ့စာရင်းအရဆိုရင် ရန်ကုန်ပြန်က လူဦးရေ ၉၀၀၀ ကျော်ရှိတယ်။ သင်္ကြန်ကတည်းက စရောက်နေတာဆို တော့ အခုအချိန်မှာ ၂၁ ရက် ပြည့်သွားတဲ့လူ တွေလည်းရှိမယ်။ ပြီးတော့ လူအရေအတွက် ကို ခုနစ်မြို့နယ်စာရင်း ကန့်သတ်လိုက်တာ ဖြစ်တဲ့အတွက် ၉၀၀၀ ကျော်ထဲက လူဦးရေ ၂၀၀၀ ကျော် လက်ရှိထည့်ထားပါတယ်။ လူ ၂၀၀၀ ကျော်ဆိုတာ များပြားတဲ့လူဦးရေ ဖြစ် တဲ့အတွက် မြို့ပေါ်မှာ စုထားဖို့က ခက်ခဲပါ တယ်။ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးကအစ ကိုယ်အိမ်ကကိုယ် သယ်လာကြရပါတယ်။ တချို့နေရာတွေမှာဆို ခုတင်ပြည့်စုံအောင် မပေးနိုင်ဘူး။ ကျောင်းတွေမှာဆို ကလေး တွေထိုင်တဲ့ ခုံတန်းလေးတွေကို ခုတင်အ ဖြစ်နဲ့ နေကြတယ်။ ခုံတန်းမလုံလောက်တဲ့ နေရာတွေမှာဆို ဖျာခင်းပြီးနေကြရတာတွေ လည်း ရှိပါတယ်။ တချို့ကျေးရွာတွေမှာဆို လျှပ်စစ်မီးမရတဲ့နေရာတွေလည်း ရှိတယ်။ အဲဒီလိုနေရာတွေမှာဆို ဒေသကလူတွေကပဲ မီးစက်ငှားပြီး ရေချိုးဖို့၊ သုံးရေလုံလောက်စွာ ရရှိဖို့ စောင့်ရှောက်နေရတာတွေ ရှိပါ တယ်။ စက်သုံးဆီကိစ္စ ကလည်းတာဝန်တစ်ခုအနေ နဲ့ ရှိနေတာပေါ့။ ကျွန်မတို့ဘက်ကလည်း အလှူရှင်ရှာပြီး တတ်နိုင်သရွေ့ ဖြည့်ဆည်း ပေးနေတယ်ဆိုပေမယ့် အားလုံးအတွက် မခြုံငုံနိုင်သေးပါဘူး”ဟု ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အေးသန္တာကြည်က ပြောကြားသည်။

                            

 

 

Most Read

Most Recent