COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကြောင့် ထိန်းချုပ်ကန့်သတ်မှုများ ထပ်မံလုပ်ဆောင်ထားသည့် စင်ကာပူနိုင်ငံသို့ရောက်ရှိနေပြီး ပိတ်မိနေသော မြန်မာနိုင်ငံသားများကို ကယ်ဆယ်ရေးလေယာဉ်(Relief Flight)ဖြင့် ခေါ်ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။
စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဧပြီ ၂၅ ရက် ရက်စွဲဖြင့် အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ COVID-19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေး စီမံချက်များကြောင့် စင်ကာပူနိုင်ငံတွင် ရောက်ရှိ/ပိတ်မိနေပြီး ဆက်လက်နေထိုင်ရန် အမှန်တကယ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်(Relief Flight)ဖြင့် ခေါ်ဆောင်နိုင်ရေးအတွက် မြန်မာသံရုံးအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းစီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ စီစဉ်ဆောင်ရွက်ရာတွင် ကယ်ဆယ်ရေးလေယာဉ်(Relief Flight)ဖြင့် မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ လာရောက်ခေါ်ဆောင်မည့် လမ်းကြောင်းခရီးစရိတ်ကို နိုင်ငံတော်အစိုးရက အကုန်ကျခံ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ အပြန်လမ်းကြောင်း ခရီးစရိတ်(တစ်ကြောင်းစာ)ကို ခရီးစဉ်အတွင်းလိုက်ပါလာကြမည့် ခရီးသည်များထံမှ ကျခံသွားရမည်ဖြစ်ကြောင်း မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။
မြန်မာသံရုံးထံသို့ အမည်စာရင်းပေးသွင်းထားသည့် ခရီးသည်အရေအတွက်ပေါ်မူတည်ပြီး လာမည့်မေလအတွင်း၌ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)ဖြင့် ပျံသန်းပြေးဆွဲပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပြီး လေယာဉ်ပြေးဆွဲပျံသန်းပေးနိုင်မည့်နေ့ရက်ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံတွင် ရောက်ရှိ/ပိတ်မိနေပြီး မြန်မာနိုင်ငံသို့ပြန်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံး၏အီးမေးလ်လိပ်စာ webmaster@myanmarembassy.sg သို့ အမည်(အင်္ဂလိပ်၊မြန်မာနှစ်ဘာသာဖြင့်)၊ မြန်မာနိုင်ငံကူးလက်မှတ် အမှတ်၊ ပြန်လည်ထွက်ခွာလိုသည့် အကြောင်းအရင်း၊ ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ် အစရှိသည်တို့ကို ဧပြီ ၂၈ ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလေယာဉ်(Relief Flight)ဖြင့် လိုက်ပါမည့်သူများအနေဖြင့် သံရုံး၏ အမည်စာရင်းတွင် မိမိတို့၏အမည် ပါဝင်ခြင်းရှိ၊မရှိကို ဧပြီ ၂၈ ရက်နောက်ဆုံးထား၍ +65 81990528 နှင့် +65 98273447 တို့သို့ ဆက်သွယ်ပြီး မဖြစ်မနေ စိစစ်အတည်ပြုပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာသံရုံးထံသို့ အမည်စာရင်းပေးပို့ထားသူများသာ ကယ်ဆယ်ရေးလေယာဉ်(Relief Flight)ဖြင့် လိုက်ပါခွင့် ရရှိမည်ဖြစ်ပြီး လေယာဉ်လက်မှတ်ဝယ်ယူရန်အတွက် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)သို့ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။
ဆက်လက်၍ စင်ကာပူနိုင်ငံသို့ ရောက်ရှိ/ပိတ်မိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ကယ်ဆယ်ရေးလေယာဉ်(Relief Flight)နှင့် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ချမှတ်ထားသည့် Community-based Facility Quarantine (၂၁)ရက်နှင့် Home Quarantine (၇)ရက် စုစုပေါင်း (၂၈)ရက်ကို မပျက်မကွက် လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေး ကြေညာထားသည်။
“မြန်မာသံရုံးဘက်က စင်ကာပူမှာ ရောက်ရှိနေပြီး အခက်အခဲတွေဖြစ်နေကြတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်(Relief Flight)နဲ့ ပြန်နိုင်ဖို့ စီစဉ်ပေးနေပါပြီ။ ကျွန်တော်တို့ တောင်းဆိုချင်တာကတော့ ဒီမှာ ဒုက္ခရောက်နေသူတွေအားလုံးကို ကယ်ထုတ်ပေးစေလိုပါတယ်။ အခု ဒီမှာက ဘာဖြစ်နေလဲဆိုတော့ ကုမ္ပဏီတွေက အလုပ်ရပ်လိုက်တဲ့အခါမှာ အလုပ်ကနေ နားလိုက်ရတဲ့သူတွေ အများကြီးရှိနေတယ်။ သူတို့က အခုအချိန်မှာ အခက်အခဲတွေအများကြီးဖြစ်နေကြတယ်။ သုံးစရာ ငွေပြတ်တဲ့သူနဲ့၊ နေထိုင်စရာအခက်အခဲဖြစ်နေတဲ့သူနဲ့ အခက်အခဲတွေအများကြီး ဖြစ်နေကြပါတယ်။ အစိုးရအနေနဲ့ ဖြစ်နိုင်ရန် အမြန်ဆုံးခေါ်ဆောင်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါမှာလည်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအတိုင်း Facility Quarantine တွေ နေထိုင်သွားမှာပါ”ဟု စင်ကာပူနိုင်ငံတွင် ရောက်ရှိပိတ်မိနေပြီး အခက်အခဲများကြုံတွေ့နေရသည့် မြန်မာအလုပ်သမားများက The Daily Eleven သတင်းစာသို့ ဆက်သွယ်ပြောကြားသည်။
စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများက စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးထံသို့ ဧပြီ ၂၀ ရက်က စာတင်ပြ၍ အကူညီတောင်းခံထားရာ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာပြည်သူပြည်သားများထဲမှ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ ကျောင်းသားများမှာ အလုပ်လက်မဲ့အခက်အခဲ၊ စားဝတ်နေရေးအခက်အခဲ၊ ကျန်းမာရေးအခက်အခဲ အစရှိသည့် အခက်ခဲများဖြင့် ကြုံတွေ့နေရသဖြင့် မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ခွင့်ရရှိနိုင်ရန်အတွက် သက်ဆိုင်ရာမြန်မာသံရုံးမှ ခွင့်ပြုစာထုတ်ပေးနိုင်ရန်နှင့် သက်ဆိုင်ရာဌာနများကို အကြောင်းကြားပေးရန်အတွက် စာတင်ပြခဲ့ကြောင်း သိရသည်။
ထိုသို့ စာတင်ပြထားမှုအပေါ် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဧပြီ ၂၅ ရက်တွင် စင်ကာပူနိုင်ငံတွင် ရောက်ရှိ/ပိတ်မိနေကြသည့် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။
စင်ကာပူနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူများအနက် အချို့မြန်မာအလုပ်သမားများမှာ ကုမ္ပဏီကလုပ်ငန်းများရပ်ဆိုင်းထားလိုက်သဖြင့် အလုပ်မှရပ်နားခံထားရသူများပါဝင်နေပြီး စင်ကာပူနိုင်ငံတွင် ဆက်လက်နေထိုင်ရန် အခက်အခဲဖြစ်ပေါ်နေကြောင်း၊ ထို့ပြင် အကြောင်းအမျိုးမျိုးဖြင့် စင်ကာပူနိုင်ငံသို့ရောက်ရှိနေသူများထဲတွင် ဆေးကုသရန် ရောက်ရှိနေသူများ၊ ကျောင်းတက်ရန် ရောက်ရှိနေသူများ အစရှိသူများပါဝင်နေပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများလည်း ပါဝင်နေသဖြင့် အခက်အခဲများဖြစ်ပေါ်နေကြောင်း စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများထံမှ စုံစမ်းသိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံတွင်လည်း COVID-19 ကပ်ရောဂါဖြစ်ပွားလျက်ရှိရာ ရောဂါဖြစ်ပွားသူဦးရေ ၁၄၀ ကျော်လာသဖြင့် ပိတ်ဆို့ကန့်သတ်မှုများကို အစိုးရကထပ်မံထုတ်ပြန်လျက်ရှိပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှလည်း ပိတ်ဆို့ကန့်သတ်မှုများကို ထုတ်ပြန်လျက်ရှိသည်။ ထိုသို့ ရောဂါဖြစ်ပွားသူဦးရေ ထပ်မံတိုးပွားလာနေသဖြင့် ယခင်က ပြည်ပလေကြောင်းလိုင်းခရီးစဉ်များကို အစိုးရက မတ် ၃၀ ရက်ကစတင်ကာ ဧပြီ ၁၃ ရက်အထိ ရပ်ဆိုင်းထားခဲ့ရာမှ ဧပြီ ၃၀ ရက်အထိ ပုံမှန်ပျံသန်းလျက်ရှိသည့် နိုင်ငံတကာခရီးသည်တင် လေယာဉ်ခရီးစဉ်များကို ထပ်မံသက်တမ်းတိုးကာ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အချို့လေကြောင်းလိုင်းများမှာ မေလလယ်အထိ ခရီးစဉ်ပြေးဆွဲပျံသန်းမှုများကို ရပ်ဆိုင်းထားကြောင်း ကြေညာချက်များ ထုတ်ပြန်ထားသည်။
ထိုသို့ ပြည်ပလေကြောင်းခရီးစဉ်များရပ်ဆိုင်းထားမှုကို အစိုးရက ထပ်မံသက်တမ်းတိုးခဲ့သဖြင့် ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများမှာ မြန်မာနိုင်ငံသို့ပြန်လာခွင့်ရရှိရန် အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။















