COVID-19 ပိုးရှိသူများအား ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်သို့ ပို့ဆောင်ရန် သီးသန့်လူနာတင်ယာဉ် ၁၄ စီး ပြင်ဆင်ထားရှိထားကြောင်း ရန်ကုန်ဆေးရုံကြီးမှ စုံစမ်းသိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ပိုးတွေ့လူနာ များပြားလာသည့်အတွက် ရန်ကုန်ဆေးရုံကြီး၊ ဝေဘာဂီဆေးရုံကြီးနှင့် တောင်ဥက္ကလာဆေးရုံတို့တွင် လူနာများထားရှိရန် နေရာမလုံလောက်သဖြင့် COVID-19 ပိုးရှိသူများအား သီးသန့်ထားရှိရန် ဖောင်ကြီးဗဟိုဝန်ထမ်တက္ကသိုလ်သို့ ပို့ဆောင်မည်ဖြစ်သည်။
“ နောက်ပိုင်း ရန်ကုန်မှာ Positive Case တွေများလာတဲ့အခါ ရန်ကုန်မှာရှိတဲ့ ဝေဘာဂီဆေးရုံနဲ့ တောင်ဥက္ကလာပဆေးရုံတို့မှာ လူနာတွေ မဆံ့တော့တဲ့အခါ ဖောင်ကြီး ကုတင်တစ်ထောင်ဆေးရုံမှာ ပိုးရှိသူတွေကို ပို့ဖို့အတွက်ဆိုပြီးတော့ စီစဉ်တာပါ။ ဒီ Transport အတွက် ရန်ကုန်ဆေးရုံကြီးက ကိုးစီးနဲ့ YRO က ငါးစီးကို အထူးစီစဉ်ထားပါတယ်။ ရန်ကုန်တိုင်းမှာ Positive တွေ့တဲ့လူနာတွေကို သက်ဆိုင်ရာအလိုက် ဖောင်ကြီးကို ပို့ဆောင်ပေးမှာပါ” ဟု ရန်ကုန်ပြည်သူဆေးရုံကြီး အရေးပေါ်ဌာနမှ ဒေါက်တာဖြိုးသီဟက ပြောကြားသည်။

ထိုသို့ပို့ဆောင်ရာတွင် ရန်ကုန်ဆေးရုံကြီးမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီရေးအဖွဲ့(YRO) နှင့် Myanmar Rescue Organization မှ ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်သို့ COVID-19 ပိုးရှိသူအား ပို့ဆောင်ပေးမည့်သူများအား ရန်ကုန်ဆေးရုံကြီးမှ လိုအပ်သည့်အထောက်အပံ့ပစ္စည်းများ ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။
ပို့ဆောင်ရာမည့်လမ်းကြောင်းမှာ ရန်ကုန်ဆေးရုံကြီး၊ ဝေဘာဂီဆေရုံကြီး၊ တောင်ဥက္ကလာပဆေးရုံတို့နှင့် နီးစပ်ရာ လမ်းကြောင်းရွေးချယ်ပြီး ဖောင်ကြီးသို့ ပို့ဆောင်သွားမည်ဖြစ်ပြီး လမ်းတလျှောက်အဆင်ပြေစေရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ဧပြီ ၂၆ ရက်အထိ မြန်မာနိုင်ငံအတွင်း COVID-19 ပိုးတွေ့ရှိသူ ၁၄၆ ဦးရှိပြီဖြစ်ကြောင်း သိရသည်။















