လက်ရှိဘဏ္ဍာနှစ် ခြောက်လကျော်တွင် စက်မှုကုန်ချော CMP တင်ပို့မှု ဒေါ်လာ ၅ ဒသမ ၂ ဘီလျံကျော်ရှိပြီး စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ရာခိုင်နှုန်း ၅၀ ကျော်ရှိ

လက်ရှိဘဏ္ဍာနှစ် ခြောက်လကျော်တွင် စက်မှုကုန်ချော CMP တင်ပို့မှု ဒေါ်လာ ၅ ဒသမ ၂ ဘီလျံကျော်ရှိပြီး စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ရာခိုင်နှုန်း ၅၀ ကျော်ရှိ
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ အထည်ချုပ်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ အထည်ချုပ်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 26 April 2020
ဇေယျာငြိမ်း  

လက်ရှိဘဏ္ဍာနှစ် ခြောက်လကျော်တွင် ပြည်ပသို့ စက်မှုကုန်ချော CMP တင်ပို့မှု ဒေါ်လာ ၅ ဒသမ ၂ ဘီလျံကျော်ရှိပြီး စုစုပေါင်း ပို့ကုန်ပမာဏ၏ ရာခိုင်နှုန်း ၅၀ ကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၃ ရက်အထိ ပြည်ပသို့ စက်မှုကုန်ချော CMP တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၄၉ ဘီလျံအထိ တင်ပို့ထားသည်။ ယခင်နှစ်ကာလတူတွင်မူ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၆၅ ဘီလျံသာ တင်ပို့ထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ခြောက်လကျော်၌ စက်မှုကုန်ချော CMP တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၂၈၃ ဒသမ ၇၁၃ သန်းအထိ ပိုမိုတင်ပို့ထားသည်။

အဆိုပါကာလအတွင်း ပြည်ပသို့ စုစုပေါင်းပို့ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၂၈ ဘီလျံကျော် ရှိသည်။

လက်ရှိဘဏ္ဍာနှစ် ခြောက်လကျော်တွင် တင်ပို့ထားသည့် စက်မှုကုန်ချော CMP ပမာဏသည် စုစုပေါင်း ပို့ကုန်တင်ပို့မှု၏ ၅၅ ဒသမ ၆၇ ရာခိုင်နှုန်းအထိ ရှိသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို အဓိကအားဖြင့် CMP လက်ခစားစနစ်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး  ဖိနပ်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်း စသည်တို့အပြင် အခြားသောလုပ်ငန်းများကိုလည်း CMP စနစ်ဖြင့် လုပ်ကိုင်နေခြင်း ဖြစ်သည်။

CMP စနစ်ဆိုသည်မှာ ပြည်ပမှ ကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်း၌ ကုန်ချောထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့သည့်လုပ်ငန်း ဖြစ်သည်။

ယင်း CMP စနစ်ဖြင့် ဆောင်ရွက်နေသည့် ပြည်တွင်းအထည်ချုပ်လုပ်ငန်းများသည် ပြည်ပမှ အထည်အလိပ်ကုန်ကြမ်းများ တင်သွင်း၍ ပြည်တွင်းအထည်ချုပ်စက်ရုံများ၌ ပြန်လည်ထုတ်လုပ်သည့် လုပ်ငန်းအမျိုးအစား ဖြစ်သည်။

ပြည်တွင်း အထည်ချုပ်လုပ်ငန်းများသည် CMP စနစ်ဖြင့်သာ ဆောင်ရွက်နေရသည့်အတွက် ပြည်တွင်း၌ ချုပ်လုပ်ပြီး ထွက်ရှိလာသည့် အဝတ်အထည်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းဝန်းကျင်ကိုသာ ချုပ်ခ အနေဖြင့် ရရှိခြင်းဖြစ်သည်။

မြန်မာ့အထည်ချုပ်လုပ်ငန်းများမှာ CMP လက်ခစားစနစ်ဖြင့် ချုပ်ထည်များ တင်ပို့နေခြင်းဖြစ်ရာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ တစ်ဘီလျံ ရှိရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သုံးဘီလျံအထိ ပို့ကုန်တင်ပို့မှုတန်ဖိုး တိုးတက်လာသဖြင့် ငါးနှစ်အတွင်း ပို့ကုန်သုံးဆ တိုးမြှင့်နိုင်ခဲ့ခြင်းဖြစ်သည်။

CMP လုပ်ငန်းများ၏ ဆွေးနွေးချက်များအရ လက်ရှိမြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသောစက်ရုံများသည် တရုတ်နိုင်ငံမှလာသော ကုန်ကြမ်းကို အဓိကမှီခိုအားကိုး၍ စက်ရုံ လည်ပတ်နေရခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံဘက်မှ ကုန်ကြမ်းများ ဝင်ရောက်မှု ရပ်တန့်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent