စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ဇီးကုန်းမြို့တွင် ဧပြီလ ၂၅ ရက်နေ့ ညက Qurantine Centre တွင် Qurantine ဝင်နေသူ အမျိုးသားတစ်ဦးထံကနေ မူးယစ်ဆေးဝါးအချို့ ဖမ်းဆီးရမိခဲ့ကြောင်း ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိခဲ့သည့်အမျိုးသားသည် ရန်ကုန်မှ ဇီးကုန်းမြို့သို့ ပြန်လာခဲ့သူဖြစ်ကြောင်း ယင်းအမျိုးသားသည် Qurantine Centre တွင် Qurantine ဝင်ပြီးနောက်ပိုင်း မူမမှန်သည့် အခြေအနေတွင်ရှိနေသည်ကို ၄င်းအနေဖြင့် သိရှိခဲ့ရကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
“ မနေ့ညက မိတာ။ Qurantine Centre မှာ Qurantine ဝင်တဲ့ကောင်လေးက ရန်ကုန်ပြန်ပေါ့။ သူက လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကတည်းက အခြေအနေပျက်နေတော့ သူ့ကို စောင့်ကြည့်ခိုင်းထားတယ်။ ကျောင်းဝန်းရဲ့ အပြင်ကနေ တစ်ယောက်က လှမ်းပြီးပစ်ပေးတာ။ အိမ်သာစီ တန်းပြေးတာ။ အဲဒီလိုတစ်ခါကြားထားတာ။ သွားရှာတော့ မတွေ့ဘူး။ မနေ့ကလည်း အစောကလိုထပ်လုပ်တာပဲ။ အစောင့်တွေက အိမ်သာတံခါးကို ဆွဲဖွင့်ပြီး ဝိုင်းဖမ်းတော့ ခါးကြားကနေ မူးယစ်ဆေးဝါးတွေ မိတာ” ဟု ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ပြောကြားသည်။
ထို့အပြင် Qurantine Centre တွင် Qurantine ဝင်နေသူတစ်ဦးကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီးနောက် ၄င်းထံ မူးယစ်ဆေးဝါး လာရောက်ပို့ဆောင်သူနှင့် မူးယစ်ဆေးဝါး ရောင်းချသူတို့ပါ ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း အမျိုးသားသုံးဦးအထိ ဖမ်းဆီးရမိခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
အလားတူ ဧပြီလ ၂၂ ရက်နေ့ညက ကာဘိုးဘက်ကနေလာသည့် ကားတစ်စီးကို မသင်္ကာသည့်အတွက် လိုက်လံဖမ်းဆီးခဲ့သော်လည်း ဇီးကုန်းမြို့၏ ဝင်/ထွက်ဂိတ်ပေါက်များ တိုက်ဖွင့်ကာ ထွက်ပြေးသွားခဲ့ကြောင်း ယင်းကားသည် မူးယစ်ဆေးဝါး သို့မဟုတ် လက်နက်တစ်ခုခု သယ်ဆောင်လာသည့် ကားတစ်စီးဖြစ်နိုင်ကြောင်း ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်၏ ပြောကြားချက်အရ သိရသည်။















