စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်မှ COVID-19 Case 145 မှာ အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး စစ်ကိုင်းမြို့ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွင်း Quarantine နေထိုင်နေသူ အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဧပြီ ၂၆ ရက် နံနက် ၇ အချိန် သတင်းထုတ်ပြန်ချက်တွင် COVID-19 အတည်ပြုလူနာနှစ်ဦး ထပ်မံတွေ့ရှိခဲ့ရာ တစ်ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်မှ အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းမှာ COVID-19 အတည်ပြုလူနာများဖြင့် ထိတွေ့မှုမရှိကြောင်း၊ ပြည်ပနိုင်ငံသို့ ခရီးသွားရာဇဝင်ရှိသူတစ်ဦးဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
“စစ်ကိုင်းမြို့နယ်မှာတွေ့ရှိသူတစ်ဦးက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ Quarantine နေထိုင်နေသူတစ်ဦးဖြစ်ပါ တယ်။ သူ့ကိုတော့ ကျွန်တော်တို့စစ်ကိုင်းဆေးရုံကြီးကိုပို့ဆောင်ပြီး ဆေးဝါးကုသမှုပေးသွားမှာပါ။ သူနဲ့အတူ Quarantine နေထိုင်သူတွေရဲ့ တို့ဖတ်တွေကိုလည်းယူထားပြီးပါပြီ။ အခုလောလောဆယ်ကတော့ လိုအပ်တာတွေအကုန်လုပ်ဆောင်နေပါတယ်။ နောက်တစ်ခုက သူတို့က သီးသန့်ခေါ်လာတာဖြစ်တာကြောင့် ဒီမှာလည်းသူတို့နဲ့ထိတွေ့တာတွေ မရှိခဲ့ပါဘူး။ လေယာဉ်ပေါ်မှာကတည်းက သူနဲ့အတူပါလာတဲ့သူအားလုံးက Mask တွေအကုန်တပ်ထားပြီးတော့လိုက်လာတာဖြစ်ပါတယ်။ သူနဲ့အနီးကပ်ထိတွေ့သူမရှိပါဘူး”ဟု စစ်ကိုင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသော်တာထက်က ပြောကြားသည်။
အိန္ဒိယနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ခဲ့သော သံဃာ၊ သီလရှင်နှင့်လူပုဂ္ဂိုလ်တို့ကို သီတဂူဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူဝိပဿနာအကယ်ဒမီတို့တွင် Community Based Facility Quarantine ထားရှိခြင်းဖြစ်ပြီး သီတဂူဝိပဿနာအကယ်ဒမီတွင် သံဃာတော် ၂၁၁ ပါး သီတင်းသုံးကာ၊ သီတဂူဗုဒ္ဓတက္ကသိုလ်တွင် သီလရှင်ငါးပါးနှင့် လူပုဂ္ဂိုလ် ၄၁ ဦးတို့ကိုနှစ် နေရာခွဲကာ ထားရှိခြင်းဖြစ်ကြောင်းသိရသည်။
“သူက အိန္ဒိယကနေပြန်လာတဲ့အမျိုးသားပါ။ သံဃာတော်မဟုတ် ပါဘူး။ သူ့ကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ လူပုဂ္ဂိုလ်တွေနဲ့အတူတူ Quarantine ထားတာဖြစ်ပါတယ်။ အခု Positive တွေ့တဲ့အမျိုးသားကလည်း ဓာတ်ခွဲနမူနာယူပြီးစစ်ဆေးထားတဲ့အထဲက တွေ့ရှိတာ။ စစ်ဆေးနေတာတွေ ဘယ်လောက်ပြီးသွားပြီးလဲတော့ အတိအကျတော့ ဦးဇင်းလည်းမသိဘူး။ ဒါပေမဲ့ ဦးဇင်းတို့ သံဃာတော်တွေကို Quarantine ထားရှိထားတဲ့ သီတဂူဝိပဿနာကျောင်းတိုက်ထဲကတော့ Positive မတွေ့ရသေးဘူး။ Positive တွေ့ရှိတဲ့လူနာကိုတော့ စစ်ကိုင်းပြည်သူ့ဆေးရုံကိုပို့သွားမယ်။ ဆက်ပြီးတော့ လုပ်ဆောင်စရာရှိတာတွေလုပ်ဆောင်သွားရမှာပေါ့”ဟု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ အုပ်ချုပ်ရေးမှူးဆရာတော် ဒေါက်တာအရှင်သုန္ဒရက မိန့်ကြားသည်။
အဆိုပါ စစ်ကိုင်းမြို့နယ်မှ COVID-19 Case 145 မှာ အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး စစ်ကိုင်းမြို့ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွင်း Quarantine နေထိုင်နေသူအမျိုးသားတစ်ဦးဖြစ်ကြောင်းနှင့် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကနဦးသတင်းထုတ်ပြန်ထားသည်။















