မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ခြောက်ခု၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၂၉၀ ကျော်တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈ ခု ထပ်မံခွင့်ပြုခဲ့ပြီး စက်မှုကဏ္ဍတွင် လုပ်ငန်း ၁၃ ခုအထိ အများဆုံးခွင့်ပြု

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ခြောက်ခု၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၂၉၀ ကျော်တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈ ခု ထပ်မံခွင့်ပြုခဲ့ပြီး စက်မှုကဏ္ဍတွင် လုပ်ငန်း ၁၃ ခုအထိ အများဆုံးခွင့်ပြု
နိုင်ငံတကာမှလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံထားသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
နိုင်ငံတကာမှလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံထားသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
Published 25 April 2020
ဇေယျာငြိမ်း

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍခြောက်ခု၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၂၉၀ ကျော်တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၈ ခုကို ထပ်မံခွင့်ပြု/ အတည်ပြုပေးခဲ့ပြီး စက်မှုကဏ္ဍတွင် လုပ်ငန်း ၁၃ ခုအထိ အများဆုံးခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ထုတ်ပြန်ထားသည်။

ဧပြီ ၃ ရက်က  ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၀)တွင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဆိုပြုလုပ်ငန်း ခြောက်ခု၊ အတည်ပြုလုပ်ငန်း ၁၂ ခု စုစုပေါင်း ၁၈ ခုကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ဟိုတယ်ကဏ္ဍတွင် လုပ်ငန်းတစ်ခု၊ လယ်ယာကဏ္ဍတွင် လုပ်ငန်းတစ်ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် လုပ်ငန်းတစ်ခု၊ အခြားကဏ္ဍတွင် လုပ်ငန်းနှစ်ခုနှင့် စက်မှုကဏ္ဍတွင် လုပ်ငန်း ၁၃ ခု စုစုပေါင်း စီးပွားရေးကဏ္ဍ ခြောက်ခုတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈ ခု ခွင့်ပြု/ အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ခွင့်ပြု/ အတည်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈ ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၉၄ ဒသမ ၅၄၅ သန်းအထိ ရှိသည်။

ယင်းကဲ့သို့ ခွင့်ပြု/ အတည်ပြုပေးရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလုပ်ငန်း ခြောက်ခုနှင့် အတည်ပြုလုပ်ငန်းတစ်ခု၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း ကိုးခု၊ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း တစ်ခုနှင့် မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း တစ်ခု ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၃ ရက်အထိ ခြောက်လကျော်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံလုပ်ငန်း ၁၅၄ ခုသည် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၅၉ ဘီလျံအထိရှိသည်။ ယင်းကာလအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါဝင် ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၇၅ ဘီလျံအထိဖြစ်သည်။

အဆိုပါခြောက်လကျော်တွင် အထူးစီးပွားရေးဇုန်ဥပဒေအရ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၉၁ ဒသမ ၈၅၇ သန်းဖြစ်သည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ခြောက်လကျော်တွင် စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၆၇ ဘီလျံအထိရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မတ်လအကုန်အထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ သတ္တုတွင်းထွက်လုပ်ငန်းကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍ၊ စက်မှုဇုန် ကဏ္ဍ၊ ဆောက်လုပ်ရေးနှင့် အခြားဝန်ဆောင်မှုကဏ္ဍ စသည့် စီးပွားရေးလုပ်ငန်း ကဏ္ဍ ၁၂ ခု၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အဓိက ဝင်ရောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အရေအတွက်အနေဖြင့် ၁၆၇၆ ခုနှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၆၃ ဘီလျံအပါအဝင် ငွေကျပ် ၂၀၂၃၂  ဒသမ ၇၂၀ ဘီလျံအထိ မြှုပ်နှံခွင့်ပြုထားကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းကို ကာလတို ငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိ)၊ ကာလလတ် ငါးနှစ် (၂၀၂၁-၂၀၂၂ ခုနှစ်မှ ၂၀၂၅-၂၀၂၆ အထိ)၊ ကာလရှည် ၁၀ နှစ် (၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၅-၂၀၃၆ အထိ) အသီးသီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent