ကရင်ပြည်နယ်မြဝတီမြို့တွင် COVID-19 ကူးစက်မြန် Coronavirus ကာကွယ်ထိန်းချုပ်ရေးအတွက် မြို ့တွင်းစျေးလေးစျေးရှိ စားသောက်ကုန်၊ အသီးအရွက်၊ သားငါးစသည့် ပျံကျစျေးများကို ဧပြီ ၂၄ ရက်မှစ၍ ယာယီနေရာ ပြောင်းရွှေ့ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။
လူအသွားအလာ ထူထပ်မှုကိုလျှော့ချ စေလိုသည့်အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်ကော်မတီတို့ ကွင်းဆင်းပြီး ရွှေ့ပြောင်းနေရာချထားရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့နေရာရွှေ့ပြောင်းရာတွင် မြဝတီမြို့ ဘုရင့်နောင်စျေးကြီးရှိ သားငါး၊ စားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်ရောင်းချသူများကို မြစန္ဒီပန်းခြံကွင်းသို့လည်းကောင်း၊ ကြံခင်းစျေးမှ ပျံကျစျေးသည်များကို ဓိဋ္ဌာန်အောင်ဘုရားဝင်းသို့လည်းကောင်း၊ ကျွန်းတောစျေးရှိ ပျံကျစျေးသည်များကို အမှတ် ၁ ရပ်ကွက်ဘောလုံးကွင်း၌လည်းကောင်း၊ မြို့ရိုးပေါ်က ညစျေးတန်းရှိ ပျံကျစျေးသည်များကို အမှတ် ၃ ရပ်ကွက်ရှိ မြို့မ အားကစားကွင်းသို့လည်းကောင်း၊ သင်္ဃန်းညီနောင်စျေးတို့လည်း နေရာချထားပေးကာ ရောင်းချစေခဲ့ကြောင်း သိရသည်၊၊
COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် နိုင်ငံတော်၏မူဝါဒတစ်ရပ်အဖြစ် ဆောင်ရွက်နေခြင်းဖြစ်သော်လည်း အများပြည်သူ အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်နေကြောင်း မြို့စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးသန်းရွှေက ပြောကြားသည်။
စျေးရောင်းချသူများ အဆင်ပြေစေရန်အတွက် အမိုးထီးများကိုလည်း တယ်လီနော နှင့် Mytel တို့ကလှူဒါန်းကာ စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ယာယီစျေးများသို ့ စတင်ရွှေ့ပြောင်း ရောင်းချနေမှုများအား လိုက်လံစစ်ဆေးပြီး စျေးသူစျေးသားများ အသံကို နားထောင်ကာ လက်တလောအခြေအနေ၊ အားနည်းချက်များကို ပြင်သွားမည်ဖြစ်ပြီး နောက်ပိုင်း စည်ကားလာမည်ဖြစ်ကြောင်း၊ မြဝတီတစ်မြို့တည်း ဆောင်ရွက်နေခြင်းမဟုတ်ဘဲ လတ်တလော အရေးပေါ်အခြေအနေကြောင့် နိုင်ငံတော်၏မူဝါဒအရ မြို့နယ်အသီးသီး၌ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။















