ရခိုင်ပြည်နယ်အတွင်းမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိ မရှိ စောင့်ကြည့်လူနာများနှင့် Quarantine ဝင်နေသူများ၏ တို့ဖတ်နမူနာ ၂၀ ခုကို ရန်ကုန်မြို့သို့ လေယာဉ်ဖြင့်ပို့ဆောင်ထား

ရခိုင်ပြည်နယ်အတွင်းမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိ မရှိ စောင့်ကြည့်လူနာများနှင့် Quarantine ဝင်နေသူများ၏ တို့ဖတ်နမူနာ ၂၀ ခုကို ရန်ကုန်မြို့သို့ လေယာဉ်ဖြင့်ပို့ဆောင်ထား
Published 25 April 2020

ရခိုင်ပြည်နယ်အတွင်းမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိမရှိ စောင့်ကြည့်လူနာများနှင့် Quarantine ဝင်နေသူများ၏ တို့ဖတ်နမူနာ ၂၀ ခုကိုရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပို့ဆောင်ထားကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် ပေါက်တော၊ ကျောက်တော်၊ စစ်တွေအစရှိသော ဆေးရုံများတွင် တက်ရောက် ကုသမှုခံယူနေသည့် သံသယလူနာ သုံးဦးရှိနေပြီး တခြားသောမြို့နယ်များတွင် Quarantine ဝင်ထားသည့် သူများလည်း ရှိကြောင်းနှင့် ယင်းတို့အနက်မှ လူ ၂၀ ဦးတို့ ထံမှ နမူနာများက ုိရန်ကုန်အမျိုးသားဓာတ်ခွဲ မှုဆိုင်ရာဌာနသို့ ပို့ဆောင်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

လွန်ခဲ့သည့် ရက်ပိုင်းက ရခိုင်ပြည်နယ်မှ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများ၏ တို့ဖတ်နမူနာများကို UN ကားဖြင့် တင်ဆောင်ခဲ့ရာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဝန်ထမ်းတစ်ဦး သေဆုံးခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ မရှိသေးသော်လည်း ထိုရောဂါကူးစက်ပြန့်ပွားလာမည်ကို ပြည်သူများစိုးရိမ်ကြောင့်ကြလျက်ရှိပြီး ကာကွယ်ရေးလုပ်ငန်းစဉ်များတွင်လည်း လူမှုအဖွဲ့အစည်းများ၊ INGO ၊ NGO များမှ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြခြင်းများ ရှိကြောင်းလည်း သိရှိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ပြည်သူတစ်သိန်းငါးသောင်းကျော်တို့မှာ အိုးအိမ်ကို စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည့်အတွက် တစ်ချို့သော စစ်ဘေးရှောင်များမှာ ယာယီတဲအိမ်မရရှိသေးဘဲ ယာယီကယ်ဆယ်ရေးစခန်းများတွင် စုပုံနေထိုင်ကြရသည့်အတွက် ကူးစက်မှုဖြစ်ပွားပါက အခက်တွေ့မည်ဖြစ်ရာ ဒေသခံများက စိုးရိမ်မှုများရှိနေကြောင်းသိရှိရသည်။

အလားတူစွာပင် ရခိုင်ပြည်နယ်အတွင်း ပျံကျစျေးဆိုင်များကို သီးခြားနေရာအသီးသီး သို့ ပြောင်းရွှေ့ကာ ခြောက်ပေအကွာစီ စျေးရောင်းချနိုင်ရန်အတွက်လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်သက်ဆိုင်ရာဌာနများမှ လုပ်ဆောင်လျက်ရှိရာ ပူပေါင်းပါဝင်သော လူမှုအဖွဲ့အစည်းများလည်းရှိကြောင်း ဒေသအာဏာပိုင်များထံမှ သိရှိရသည်။

 

Most Read

Most Recent