သုံးရက်တစ်ကြိမ်သာ ရေပေးဝေနိုင်ပြီး ရေအခက်အခဲကြုံတွေ့နေသည့် ရေစကြိုမြို့နယ် ဥက္ကံကျေးရွာသို့ Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်းရေလှူဒါန်းပေးခဲ့သည်။
အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ရေစကြိုမြို့ နယ်ဥက္ကံကျေးရွာမှာ စက်ရေတွင်းနှင့် မြေသားကန်ကို အားထားအသုံးပြုနေရပြီး မြေသားကန်မှာ ၂၀၁၉ ခုနှစ်ကုန်ပိုင်းက ခမ်းခြောက်သွားခြင်းနှင့် စက်ရေတွင်းမှာ ရေအနည်းငယ်သာ ထွက်ရှိခြင်းတို့ကြောင့် ရေရှားပါးမှုအား ယခုနှစ် အစောပိုင်းမှာပင် ကြုံတွေ့ရခြင်းဖြစ်သည်။
“ ပြီးခဲ့တဲ့နှစ်က မိုးနှောင်းမကောင်းတော့ ကန်တွေမှာ ရေကောင်းကောင်း မရလိုက်ဘူး။ တပို့တွဲလလောက်ကတည်းက ကန်မှာ ရေမရှိတော့ဘူး။ စက်တွင်းပဲ အားထားသုံးရတယ်။ စက်တွင်းကလည်း ရေကဆက်တိုက်မောင်းရင် ရေမထွက်တော့ နားနားပြီး ရေတင်ရတယ်။ ရွာမှာရှိတဲ့ လူနဲ့ထွက်တဲ့ ရေနဲ့မမျှ တော့ အစောပိုင်းကတည်းက ရေကခက်နေပြီ။ အရှေ့ပိုင်းအလယ်ပိုင်း အနောက်ပိုင်းဆိုပြီး သုံးပိုင်းခွဲ တစ်လှည့်ဆီ ပေးရတယ်။ ရေပေးတဲ့ရက်မှာ ရေမလောက်တော့ ခက်ခဲတာပေါ့” ဟု ဥက္ကံကျေးရွာမှ ဦးသန်းလင်းက ပြောကြားသည်။
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးကာလ ဖြစ်သည့်အတွက် ရေလှူဒါန်းရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် ကျေးရွာစာသင်ကျောင်းအတွင်းရှိ ရေလှောင်ကန်မှ တစ်ဆင့်ရေပိုက်လိုင်းဖြင့် အိမ်အရောက် ရေခပ်ယူစေရန် ဆောင်ရွက်ပေးခဲ့သည်။
ရေစကြိုမြို့နယ် ဥက္ကံကျေးရွာမှာ ပေ ၂၀၀ အထက် ရေတွင်းတူးဖော်ပါက ရေငန်များသာ ထွက်ရှိသည့်အတွက် ကျေးရွာတွင် စက်ရေတွင်း တူးဖော်နိုင်ခြင်းမရှိဘဲ တစ်မိုင်ခန့်အကွာတွင် စက်ရေတွင်းတူးဖော်၍ ရေတင်စနစ်ဖြင့် ရေရရှိရေး ဆောင်ရွက်နေရသည့် ကျေးရွာဖြစ်သည်။
“ ရွာမှာ ရေတွင်းပေ ၄၀၀ ကျော်တာနဲ့ ကျစ်ပြာတွေ ထွက်လာပြီး ရေငန်ပဲထွက်တယ်။ ထွက်လာတဲ့ရေငန်က လည်း သုံးလို့ကို မရဘူး။ ဒါကြောင့် ပေ ၄၀၀၀ လောက် ဝေးတဲ့ဆီမှာ ပေ ၁၀၀ နဲ့ ၁၅၀ ကြား တွင်းတွေ တူးပြီး ရေသုံးရတယ်။ လက်ရှိ ရေထွက်နည်းတော့ တွင်းသစ်ထပ်တူးဖို့ ကြိုးစားပေမယ့် ငွေကြေးအခက်အခဲကြောင့် မတူးနိုင်ဖြစ်နေပြီး ရွာလည်း ရေခက်ခဲနေတာ’’ ဟု ဥက္ကံကျေးရွာမှ ဦးသန်းလင်းက ပြောကြားသည်။
လက်ရှိမှာကိုရိုနာဗိုင်းရပ် ကာကွယ်တားဆီးရေးကာလဖြစ်သည့်အတွက် Eleven Media Group နှင့်စေတနာရှင်များ ပူးပေါင်း ရေလှူဒါန်းရာတွင် လူစုလူဝေး မဖြစ်စေရန် ဒေသခံများနှင့် ညှိနှိုင်း ရေလှူဒါန်းပေးနေပြီး ဘုန်းတော်ကြီးကျောင်းများအတွက်လည်း ရေလှူဒါန်းပေးနေသည်။
ပခုက္ကူခရိုင်တွင်း ကျေးရွာအချို့တွင် ယခင်နှစ် မိုးရရှိမှုနည်းပါးသည့်အတွက် ကန်ရေ စောလျင်စွာ ခမ်းခြောက်ခြင်း၊ ရာသီဥတုပူပြင်းမှုကြောင့် ရေအသုံးမြင့်တက်လာခြင်းများကြောင့် ရေလိုအပ်ချက်များပြားလာပြီး ကျေးရွာအချို့မှာ ရေမလုံလောက်မှု စတင်ကြုံတွေ့လာသည်။
Eleven Media Group နှင့်စေတနာရှင်များ ပူးပေါင်း၍စက်ရေတွင်း လိုအပ်နေသည့် မြိုင်မြို့နယ် လက်ခုပ်ပင်ကျေးရွာတွင် စက်ရေတွင်းသစ် တူးဖော်ပေးခဲ့ပြီး ရေအနက် ၄၄၀ တွင် တစ်နာရီ ရေချိုဂါလံ ၁၃ဝဝခန့် ထုတ်ယူသုံးစွဲနိုင်ခဲ့သည် ။
အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ Eleven Media Group သို့ ဂါလံ ၃၀၀၀ ဆန့် ရေသယ်ယာဉ်တစ်စီးအား ၂၀၁၉ ခုနှစ်တွင် ထပ်မံပံ့ပိုးပေးသည့်အတွက် ရေသယ်ယာဉ် နှစ်စီးဖြင့် ရေလှူဒါန်းမှု ပြုလုပ်ခဲ့ရာ လေးနှစ်အတွင်း ရေဂါလံ ၁၅ သန်း ကျော် လှူဒါန်းပေးခဲ့သည်။















