ရန်ကုန်မြို့အတွင်း COVID-19 ထပ်တိုးသူများ၏ ဟိုတယ်နှင့် နေအိမ်များကို Lockdown ချထားပြီး အသွားအလာ ကန့်သတ်ခြင်းများ ပြုလုပ်ထားကြောင်း ဧပြီ ၂၄ ရက်တွင် စုံစမ်းသိရှိရသည်။
ဧပြီ ၂၄ ရက် ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ပိုးရှိသူ လေးဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
“ Case-135 ပိုးတွေ့တဲ့သူက ၃၆ လမ်းမှာပါ။ အဲဒီအတွက် ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ကလည်း အကြောင်းကြားတယ်။ အကြောင်းကြားလို့ အဲဒီတိုက် တစ်တိုက်လုံးမှာရှိတဲ့ လူဦးရေစာရင်းကို ကောက်ထားတယ်။ သူနေသွားတဲ့ တိုက်မှာ အခန်း ရှစ်ခန်းရှိတယ်။ အဲဒီအခန်းတွေ အကုန်လုံးကို ပိုးသတ်ဆေး ဖျန်းတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အကုန်ပူးပေါင်းပြီး လုပ်ဆောင်နေပါတယ်။ ကျန်းမာရေးဌာနက လာပြီး Lockdown ချထားတယ်။ သူတို့ရဲ့ စားဝတ်နေရေးအတွက် စီစဉ်ပေးထားပါ တယ်။ ကျန်တဲ့သူတွေ အားလုံးကို Home Quarantine လုပ်ဖို့ စီစဉ်ပေးနေပါတယ်။ ပိုးတွေ့တဲ့ အမျိုးသမီးက Pan Pacific Hotel မှာ Quarantine ဝင်ထားတာပါ။ သူက အဲဒီက ဝန်ထမ်းပါ” ဟု ကျောက်တံတားမြို့နယ်၊ အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ဌေးဌေးရီက ပြောကြားသည်။
ထို့ပြင်အသက် ၂၅ နှစ် အရွယ် Case 136 နေထိုင်သည့် ဗိုလ်အောင်ကျော်လမ်းရှိ တိုက်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက Lockdown ချထားပြီး အဆိုပါတိုက်ဝန်းကျင်အား ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့သည်။
“Pan Pacific Hotel က ဝန်ထမ်းတစ်ယောက်ပါ။ သူက ဧပြီ ၃ ရက်ကတည်းက ဟိုတယ်မှာ Quarantine ဝင်ထားတာပါ။ ထိတွေ့ထားတာ နှစ်ယောက်ရှိတယ်။ သူက ဒီကအဆောင်မှာ နေတာပါ။ အဆောင်ကိုတော့ မလာတာကြာပြီ။ ပိုးတွေ့လူနာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာဌာနက သူတွေက ဒီနေရာလာပြီး ပိုးသတ်ဆေးဖျန်းတာတွေ လုပ်တယ်။ အဲဒီတိုက်မှာရှိတဲ့ လူဦးရေကို စိစစ်တယ်။ သူတို့အဆောင်မှာနေတဲ့ ကိုးယောက်ကိုတော့ Quarantine ဝင်ဖို့ ဒီနေ့ ခေါ်ဆောင်သွားမှာပါ။ သူတို့တွေကို ခေါ်ပြီးသွားရင် အဲဒီအခန်းကို သော့ခတ်မယ်။ တိုက်က လူတွေကို အပြင်မထွက်ခိုင်းဘဲနဲ့ လိုအပ်တာတွေ စီစဉ်ပေးမယ်။ အမှိုက်ပစ်ဖို့အတွက် အမှိုက်ပုံးကအစ သူတို့အတွက် စီစဉ်ပေးထားတယ်။ အဲဒီအမှိုက်တွေကို ကျွန်တော်တို့ ပြန်ပစ်မယ်ဆို ပိုးသတ်ဆေးဖျန်းဖို့ စည်ပင်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ အောက်မှာလည်း လုံခြုံရေးထားပြီး လိုအပ်တာကို စီစဉ်ပေးမှာပါ” ဟု ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလွင်ဦးက ပြောကြားသည်။
အလားတူ အသက် ၃၁ နှစ်အရွယ် Case-137 အမျိုးသမီး နေထိုင်သည့် လှိုင်မြို့နယ်၊ သိရီ (၅)လမ်းရှိ တိုက်ကို Lockdown ပြုလုပ်ထားကြောင်း၊ ထို့ပြင် လှိုင်မြို့နယ်၊ အောင်မေတ္တာ (၁) လမ်းတွင် နေထိုင်သည့် Case-139 အသက် ၂၆ နှစ်အရွယ် အမျိုးသမီးနေထိုင်သည့် နေအိမ်ကိုလည်း Lockdown ပြုလုပ်ထားခဲ့သည်။
Park Royal ဟိုတယ်တွင် အလုပ်လုပ်ကိုင်သူ အသက် ၅၃ နှစ်အရွယ် အီတလီနိုင်ငံသား အမျိုးသား (Case-138) ပိုးတွေ့ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က “ဒီဟိုတယ်ပတ်ဝန်းကျင်က နေရာတွေ အကုန်လုံးကို ဆေးဖျန်းမှာပါ။ အခုဒီဟိုတယ်ကိုလည်း Lockdown ချထားပါတယ်။ ယောမင်းကြီးလမ်း၊ ဗိုလ်ရာညွန့်လမ်းနဲ့ အနီးတစ်ဝိုက်ကို ဆေးဖျန်းမှာပါ။ သူက အီတလီ နိုင်ငံသားပါ။ သူက ဒီမှာနေရင်းနဲ့မှ ပိုးတွေ့တာပါ။ သူက သူ့ကိုယ်သူ သံသယဝင်လို့ စစ်ဆေးလိုက်တဲ့အချိန်မှာ ပိုးတွေ့တာပါ။ သူက ဒီမှာ Admin ပိုင်း တာဝန်ယူထားလို့ အရေးကြီးပါတယ်။ Pan Pacific Hotel နဲ့ Park Royal ဟိုတယ် နှစ်ခုစလုံးကို တာဝန်ယူထားတာပါ” ဟု ပြောကြားသည်။
အဆိုပါ Park Royal ဟိုတယ်တွင် ဧည့်သည် ၅၀ ကျော်နှင့် ဟိုတယ်ဝန်ထမ်း ၉၀ ကျော်အား ဟိုတယ် Quarantine ပြုလုပ်မည်ဖြစ်ပြီး Case-138 နှင့်ထိတွေ့ခဲ့သည့် လူ ၁၀ ဦးကို ကျန်းမာရေးဦးစီးဌာန အစီအစဉ်ဖြင့် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ် ၂၆ မြို့နယ်တွင် COVID-19 ပိုးတွေ့ရိခဲ့ပြီး လူဦးရေ ၁၀၂ ဦး ရောဂါပိုးကူးစက်ခံထားရကြောင်း၊ အများဆုံးတွေ့ရှိခဲ့သည့် မြို့နယ်မှာ အင်းစိန်မြို့နယ်ဖြစ်ပြီး ယင်းမြို့နယ် အတွင်း ၂၁ ဦး ပိုးတွေ့ရှိထားကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း COVID-19 ပိုးတွေ့ရှိသူ ဧပြီ ၂၄ ရက် ည ၈နာရီအထိ ၁၄၃ ဦးအထိရှိသည်။















