COVID-19 ကြောင့် လုပ်သားများထိခိုက်မှု အနည်းဆုံး ဖြစ်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်သည့် လုပ်ငန်းများ စိစစ်ခွင့်ပြုနေပြီး စီးပွားရေးကဏ္ဍ လေးခု၌ ကျပ် ၁၃၃ ဘီလျံကျော်ရှိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခုနစ်ခု MIC က ထပ်မံခွင့်ပြု

COVID-19 ကြောင့် လုပ်သားများထိခိုက်မှု အနည်းဆုံး ဖြစ်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်သည့် လုပ်ငန်းများ စိစစ်ခွင့်ပြုနေပြီး စီးပွားရေးကဏ္ဍ လေးခု၌ ကျပ် ၁၃၃ ဘီလျံကျော်ရှိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခုနစ်ခု MIC က ထပ်မံခွင့်ပြု
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 23 April 2020

COVID-19 ကြောင့် လုပ်သားများ ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်သည့် လုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က စိစစ်ခွင့်ပြုနေပြီး အိမ်ရာအဆောက်အအုံကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍ အပါအဝင် စီးပွားရေးကဏ္ဍလေးခု၌ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ် ၁၃၃ ဘီလျံကျော် တန်ဖိုးရှိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခုနစ်ခုကို ထပ်မံခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ထုတ်ပြန်ထားသည်။

ဧပြီ ၃ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၀)တွင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လုပ်ငန်းများတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အဆိုပြုလုပ်ငန်း လေးခု၊ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခု၊ ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခုနှင့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ အတည်ပြုလုပ်ငန်း တစ်ခုတို့ဖြစ်သည်။

ယင်းကဲ့သို့ ခွင့်ပြုပေးခဲ့ရာတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် စက်မှုကဏ္ဍတွင် လုပ်ငန်းနှစ်ခု၊ အိမ်ရာ/အဆောက်အအုံ ကဏ္ဍတွင် လုပ်ငန်းနှစ်ခု၊ ဟိုတယ်ကဏ္ဍတွင် လုပ်ငန်းနှစ်ခုနှင့် အခြားကဏ္ဍတွင် လုပ်ငန်းနှစ်ခု စုစုပေါင်း လုပ်ငန်းခုနစ်ခုအထိ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခွင့်ပြုပေးခဲ့သည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ခုနစ်ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကျပ် ၁၃၃ ဒသမ ၆၁၁ ဘီလျံအထိရှိသည်။

ခွင့်ပြုပေးခဲ့သည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခုနစ်ခုမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၀၀ ကျော်အထိ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၃ ရက်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှုမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆၉ ခုအထိရှိပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ်ဘီလျံ ၁၂၀၀ ကျော်အထိရှိကြောင်း သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မတ်လအကုန်အထိ အိမ်ခြံမြေကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍ၊ စက်မှုလုပ်ငန်းကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ သတ္တုတွင်းထွက် လုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍနှင့် အခြားကဏ္ဍ စသည့်စီးပွားရေး လုပ်ငန်းကဏ္ဍ ၁၁ ခု၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဓိက ဝင်ရောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အရေအတွက် အနေဖြင့် ၁၆၇၆ ခုနှင့် တန်ဖိုးအားဖြင့် ဒေါ်လာ ၁၀ ဒသမ ၅၆၃ ဘီလျံ အပါအဝင် ငွေကျပ် ၂၀၂၃၂  ဒသမ ၇၂၀ ဘီလျံအထိ မြှုပ်နှံခွင့်ပြုထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းကို ကာလတိုငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁အထိ)၊ ကာလလတ် ငါးနှစ် (၂၀၂၁-၂၀၂၂ခုနှစ်မှ-၂၀၂၅-၂၀၂၆အထိ)၊ ကာလရှည် ၁၀ နှစ် (၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၅-၂၀၃၆အထိ) အသီးသီး ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း၏ အခြေပြုကိစ္စရပ် (Base case) အပေါ်အခြေခံ၍ တွက်ချက်ထားသည့် ရင်းနှီးမြှုပ်နှံမှုဦး တည်ချက်များ (Investment Target) များမှာ ကာလတိုငါးနှစ်ဖြစ်သည့် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိတွင် နှစ်စဉ်ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ၊ ကာလလတ် ငါးနှစ်ဖြစ်သည့် ၂၀၂၁-၂၀၂၂ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၈ ဒသမ ၅ ဘီလျံ၊ ၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၀ -၂၀၃၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၂ ဒသမ ၃ ဘီလျံ၊ ၂၀၃၁-၂၀၃၁ ခုနှစ်မှ ၂၀၃၅- ၂၀၃၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလျံအထိ ရရှိရန် အသီးသီး ခန့်မှန်းထားသည်။

ဇေယျာငြိမ်း

 

Most Read

Most Recent