တပ်မတော်နှင့် AA အဖွဲ့သည် ဧပြီ ၂၂ ရက်က ပလက်ဝမြို့ပေါ်သို့ ဖြတ်သန်း၍ တောင်ပေါ်နှင့် တောင်အောက် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ပစ်ခတ်မှုများအတွင်း ပလက်ဝမြို့ပေါ်သို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများနှင့် မိသားစုဝင်များ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပြောကြားသည်။
သို့သော်လည်း အဆိုပါ လက်နက်ကြီးကျည်သည် မည်သည့်အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဟု အတည်ပြုရန် ခက်ခဲကြောင်း၊ ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင်လည်း တပ်မတော်နှင့် AA အဖွဲ့တို့၏ အပြန်အလှန်ပစ်ခတ်မှုအကြား ပလက်ဝမြို့ပေါ် သင်္ဘောဆိပ်တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သဖြင့် သုံးတန်းကျောင်းသားတစ်ဦး သေဆုံးခဲ့သည်ဟု သတင်းရရှိကြောင်း ဝန်ကြီးဦးစိုးထက်က ပြောကြားသည်။
AA အနေဖြင့် မြို့ရွာများအား အခြေခံ၍ စစ်ရေးလှုပ်ရှားခြင်းသည် လုံးဝမဖြစ်သင့်ကြောင်းနှင့် ထိုသို့မြို့ရွာများအား အခြေခံ၍ စစ်ရေးလှုပ်ရှားခြင်းသည် ဒေသခံလူထုကို ဒုက္ခရောက်စေရန် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်းလည်း ဝန်ကြီးဦးစိုးထက်က ပြောကြားသည်။
“AA က မြို့ပေါ်နဲ့ ရွာတွေမှာ အခြေခံပြီး လုပ်တာကတော့ အတော်လေး လွဲမှားပါတယ်။ အဲဒါတော့ မဖြစ်သင့်ဘူး။ မြောက်ဦးတို့ ကျောက်တော်တို့ ပုဏ္ဏားကျွန်းတို့ နေရာတော်တော်များများပါပဲ။ မြို့ပေါ်မှာ အခြေခံရင် လူထုနစ်နာတာပေါ့။ သူတို့က လူထုကို ကိုယ်ချင်းမစာဘူး။ ရခိုင်မြောက်ပိုင်းမှာ ဖြစ်တဲ့ဟာလည်း ဒီအတိုင်းပဲ။ ကျွန်တော်တို့ ပလက်ဝမှာ ဖြစ်တဲ့ဟာလည်း ဒီအတိုင်းပဲ။ လူထုကို အခြေခံပြီး စစ်ရေးလှုပ်ရှားမှု လုပ်တဲ့အတွက် လူထုက အရမ်းနစ်နာတယ်။ ပြောရရင် စစ်ပွဲဆိုတာက တောတွေ၊ တောင်တွေမှာပဲ ဖြစ်ရမှာလေ။ မြို့ပေါ်ကို အခြေခံနေတာက လုံးဝလူထုကို ဒုက္ခရောက်အောင် လုပ်နေတာပဲလို့ ပြောချင်တယ်” ဟု ဦးစိုးထက်က ပြောကြားသည်။
AA အဖွဲ့အနေဖြင့် အရပ်သားများကြားတွင် ရောနှောနေထိုင်လေ့ရှိသဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားသောအခါ ယခုကဲ့သို့ အရပ်သားများ ထိခိုက်မှု ရှိလာခြင်းဖြစ်သည်ဟု သုံးသပ်ကြောင်း၊ ထို့ကြောင့် AA အနေဖြင့် ပလက်ဝမြို့ နယ်နိမိတ်အတွင်းမှ ရေရှည်အကျိုး၊ သဘောထားကြီးစွာဖြင့် ဆုတ်ခွာပေးမှသာ ပလက်ဝမြို့ပေါ်လုံခြုံရေး ရရှိမည် ဖြစ်ကြောင်းလည်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (KACC) က ဧပြီ ၂၃ ရက်တွင် သတင်းထုတ်ပြန် ဖော်ပြခဲ့သည်။
ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့သော အပြစ်မဲ့ ချင်း၊ ရခိုင်နှင့် အခြားသောတိုင်းရင်းသား အရပ်သားပြည်သူများ၊ ယင်းတို့၏ မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်း ကြေကွဲရပါကြောင်းလည်း KACC က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ရာတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့ အတွင်းသို့ ဧပြီ ၂၂ ရက် ညနေပိုင်းတွင် AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ်မှုကြောင့် မြို့တွင်းရှိ မြန်မာ့စီးပွားရေးဘဏ်အနီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဘဏ်ဝန်ထမ်းများနှင့် မိသားစုဝင်များ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
AA အဖွဲ့သည် ပလက်ဝမြို့၏ အနောက်ဘက် မီတာ ၆၀၀ ခန့်အကွာရှိ မြို့ဦးစေတီကုန်းအနီး တစ်ဝိုက်မှ ဧပြီ ၂၂ ရက် ညနေ ၄ နာရီခန့်တွင် မြို့အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ်ခဲ့ပြီး ထိုသို့ပစ်ခတ်မှုကြောင့် ၎င်းတို့ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ပလက်ဝမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၏ အနောက်ဘက် ငါးပေခန့်အကွာနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ဘဏ်ဝန်ထမ်းများဖြစ်သည့် ဦးကျော်စွာထိုက် (ငွေကိုင်) ၏ ဇနီး ဒေါ်အေးသန္တာ အသက် ၂၅ နှစ်၊ သမီးဖြစ်သူ မလဲ့လဲ့ အသက်လေးနှစ်နှင့် ဦးသိန်းနိုင် (ညစောင့်)၏ သားဖြစ်သူ မောင်လူအေး အသက် ၂၂ နှစ်တို့ သေဆုံးခဲ့ပြီး ဦးလှသိန်းမောင် (ကြီးကြပ်ရေးမှူး) အသက် ၅၂ နှစ်နှင့် ဦးလောဟာတင့် (ဒုတိယကြီးကြပ်ရေးမှူး) အသက် ၄၅ နှစ်တို့ နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ခဲ့သည်။
AA အဖွဲ့အနေဖြင့် ပလက်ဝမြို့၏ ဆက်သွယ်ရေး လမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ထားပြီး ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော် စစ်ကြောင်းများက လုံခြုံရေး လုပ်ငန်းများကို နေ့ညမပြတ် ဆောင်ရွက်ခဲ့မှုကြောင့် တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၎င်းတို့အဖွဲ့ အထိနာ ဆုံးရှုံးမှု များလာခြင်း၊ ဒေသခံ ပြည်သူလူထု အနေဖြင့်လည်း ၎င်းတို့အဖွဲ့၏ ဥပဒေမဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ၎င်းတို့အား ထောက်ခံအားပေးမှု နည်းပါးလာသဖြင့် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများ နေထိုင်ရာ မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး ပြည်နယ်အတွင်း မတည်ငြိမ်မှုများ မြင့်တက်လာစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
အဆိုပါ ဒဏ်ရာရရှိသူများအား ပလက်ဝမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူလုထု၏ အသက်အိုးအိမ် စည်းစိမ်များ ကာကွယ်စောင့်ရှောက်ရေးအတွက် နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။















