အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများ အိမ်တိုင်ရာရောက် ချေးငွေပြန်လည် ကောက်ခံမှုများနှင့် ချေးငွေပြန်လည် ပေးဆပ်ရန် ဖိအားပေး ဆောင်ရွက်ခြင်းများ မပြုလုပ်ရန် ထပ်မံသတိပေးထားပြီး မလိုက်နာပါက လိုင်စင်ရုပ်သိမ်းမည်

အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများ အိမ်တိုင်ရာရောက် ချေးငွေပြန်လည် ကောက်ခံမှုများနှင့် ချေးငွေပြန်လည် ပေးဆပ်ရန် ဖိအားပေး ဆောင်ရွက်ခြင်းများ မပြုလုပ်ရန် ထပ်မံသတိပေးထားပြီး မလိုက်နာပါက လိုင်စင်ရုပ်သိမ်းမည်
Published 20 April 2020

အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများ အိမ်တိုင်ရာရောက် ချေးငွေပြန်လည် ကောက်ခံမှုများနှင့် ချေးငွေပြန်လည် ပေးဆပ်ရန် ဖိအားပေး ဆောင်ရွက်ခြင်းများ မပြုလုပ်ရန် ထပ်မံသတိပေးထားပြီး မလိုက်နာပါက လိုင်စင်ရုပ်သိမ်းမည်ဖြစ်ကြောင်း အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက အသိပေး ကြေညာထားသည်။

ဧပြီ ၆ ရက်မှ ၃၀ အတွင်း အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများ လူစုလူဝေးဖြင့် ချေးငွေထုတ်ချေးခြင်း၊ ချေးငွေကောက်ခံခြင်း၊ စုငွေလက်ခံခြင်း၊ အသင်းဝင် လက်ခံခြင်း စသည့်လုပ်ငန်းစဉ်အားလုံး ခေတ္တဆိုင်းငံ့ထားရန် အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ညွှန်ကြားချက်အမှတ် ၂/၂၀၂၀ ဖြင့် ညွှန်ကြားထားကြောင်း သိရသည်။

ယခုအချိန်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အချို့သော အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများသည် ကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက် အမှတ် (၂/၂၀၂၀) ကို တိကျစွာ လိုက်နာမှုမရှိသည့်အပြင် ဒေသန္တရအမိန့်များကို ဖောက်ဖျက်၍ အသင်းဝင်များ၏ နေအိမ်သို့ သွားရောက်ပြီး ချေးငွေပြန်လည် ကောက်ခံမှုများကို ဆောင်ရွက်ခြင်းနှင့် ညွှန်ကြားချက်နှင့်အညီ အသင်းဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း မရှိဘဲ ချေးငွေပြန်လည် ပေးဆပ်ရေးအတွက် အသင်းဝင်များအား ဖိအားပေးခြင်းများ ဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိရကြောင်း သိရသည်။

သို့ပါ၍ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများ အနေဖြင့် အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်အမှတ် (၂/၂၀၂၀) အပိုဒ် ၆ ပါ လိုက်နာဆောင်ရွက်ရမည့် အချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဥပဒေပါ စီမံခန့်ခွဲမှုနည်းလမ်းများနှင့်အညီ လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဝင်ငွေနည်းပြည်သူများနှင့် MSME များအတွက် တရားဝင်ငွေကြေး ဝန်ဆောင်မှုပေးရန် ရည်ရွယ်ချက်ဖြင့် အသေးစားငွေရေး၊ ကြေးရေး အဖွဲ့အစည်း ၁၉၃ ဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခု၊ မြို့နယ် ၂၅၂ မြို့နယ်၊ ရပ်ကွက် ၂၄၅၉ ရပ်ကွက်၊ ကျေးရွာ ၃၀၁၁၆ ရွာတွင် အသင်းသားဦးရေ ၄ ဒသမ ၆ သန်းခန့်အား ငွေကြေးဝန်ဆောင်မှု ပေးလျက်ရှိပြီး အသေးစား ငွေရေးကြေးရေး လုပ်ငန်း၏ သဘောသဘာဝသည် ချေးငွေထုတ်ချေးခြင်း၊ ချေးငွေပြန်လည် ကောက်ခံခြင်း၊ စုဆောင်းငွေလက်ခံခြင်း၊ အသင်းဝင် လက်ခံခြင်းနှင့် ငွေကြေးအသိပညာပေးခြင်း လုပ်ငန်းများအတွက် အသင်းဝင်များ မကြာခဏစုဝေး ဆောင်ရွက်ရသဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ကွဲလွဲနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

လိုက်နာရမည့် အချက်များမှာ COVID-19 ရောဂါကာကွယ်တားဆီး ထိန်းချုပ်ရေးအတွက် ဖွဲ့စည်းထားသော ကော်မတီအဆင့်ဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ် ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့များမှ ထုတ်ပြန်သော အမိန့်နှင့် ညွှန်ကြားချက်များကို မပျက်မကွက် လိုက်နာရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော COVID-19 တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် သက်ဆိုင်သော အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့က သတ်မှတ်သော COVID-19 တားဆီးကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်တားဆီးမိန့်များကို လိုက်နာဆောင်ရွက်ရန်၊ လူထုလူဝေးဖြင့် ချေးငွေထုတ်ချေးခြင်း၊ ချေးငွေကောက်ခံခြင်း၊ စုငွေလက်ခံခြင်း၊ အသင်းဝင်လက်ခံခြင်း၊ ငွေကြေးအသိပညာပေးခြင်း လုပ်ငန်းစဉ်များ အားလုံးကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၆ ရက် မှ ၃၀ ရက်အထိ လုပ်ဆောင်ခြင်း မပြုဘဲ ခေတ္တဆိုင်းငံ့ထားရန်၊ လုပ်ငန်းခေတ္တဆိုင်းငံ့ထားစဉ် ကာလအတွင်း အသင်းသားများမှ အရေးပေါ်ချေးငွေ လိုအပ်မှု၊ စုဆောင်းငွေများ ပြန်လည်ထုတ်ယူမှု၊ ဆန္ဒအလျောက်ချေးငွေ ပြန်လည်ပေးဆပ်မှုနှင့် အခြားအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်သော ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော COVID-19 တားဆီးကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များ၊ ခွင့်ပြုသော နည်းလမ်းများနှင့်အညီ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ ရုံးခွဲများကို ဝန်ထမ်းအင်အား ငါးဦးထက်မပိုသော အရေအတွက်ဖြင့် ဖွင့်လှစ်၍ ဝန်ဆောင်မှုများ ဆောင်ရွက်ရန်၊ COVID-19 ရောဂါဖြစ်ပွားမှု အကျိုးဆက်ကြောင့် အသင်းဝင်များ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်း လည်ပတ်မှုများ ကျဆင်းနိုင်သည့် ကာလအတွင်း အသင်းဝင်များထံမှ ချေးငွေနှင့်အတိုးများ အတင်းအကျပ် ပြန်လည်ကောက်ခံခြင်း မပြုဘဲ ပေးဆပ်ရမည့်အချိန်ကို အသင်းသားများနှင့် ညှိနှိုင်း၍ ကောက်ခံရန်၊ COVID-19 ရောဂါကာကွယ် တားဆီးထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် ဆေးဝါးပစ္စည်း ကိရိယာများ လှူဒါန်းခြင်း၊ ရန်ပုံငွေလှူဒါန်းခြင်းများ တတ်နိုင်သမျှ ဆောင်ရွက်ပေးရန် တို့ဖြစ်သည်။

 

Most Read

Most Recent