၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၉ ဒသမ ၂၀ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ကိုးလဆက်တိုက် ရှစ်ရာခိုင်နှုန်းအထက် မြင့်တက်နေ

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၉ ဒသမ ၂၀ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ကိုးလဆက်တိုက် ရှစ်ရာခိုင်နှုန်းအထက် မြင့်တက်နေ
ရန်ကုန်မြို့ရှိ အခြေခံစားသောက်ကုန်များ ရောင်းချနေသည့် စျေးရုံတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ အခြေခံစားသောက်ကုန်များ ရောင်းချနေသည့် စျေးရုံတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 20 April 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၉ ဒသမ ၂၀ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့် ဇန်နဝါရီတွင် ဖြစ်ပေါ်ခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်းထက် ရာခိုင်နှုန်း အနည်းငယ် ဆက်လက်မြင့်တက်  လာကြောင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း ကိုးလဆက်တိုက် ရှစ်ရာခိုင်နှုန်းအထက် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် တစ်နှစ်အတွင်း ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၉ ဒသမ ၂၀ ရာခိုင်နှုန်းဖြစ်ပြီး၂၀၂၀ ပြည့်နှစ် ဇန်နဝါရီရှိ ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၀၆ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ် ထပ်မံမြင့်တက်လာခြင်း ဖြစ်ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လဆက်တိုက် မြင့်တက်ခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျကာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက် လာခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံ တွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီအထိ တစ်နှစ်ပျမ်းမျှ ၉ ဒသမ ၂၀ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၈ ဒသမ ၃၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း ဧရာဝတီတိုင်း ဒေသကြီးတွင် ၁၂ ဒသမ ၆၅ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး၌ ၁၁ ဒသမ ၈၉ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၁ ဒသမ ၈၂ ရာခိုင်နှုန်းဖြင့် တတိယ အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီး၌ ၁၄ ဒသမ ၁၉ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုအများဆုံး ဖြစ်ပေါ်ခဲ့ပြီး ချင်းပြည်နယ်တွင် ၄ ဒသမ ၄၆ ရာခိုင်နှုန်းဖြင့်   ပြောင်းလဲမှု ရာခိုင်နှုန်း အနည်းဆုံး ဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

ယခင်က ၂၀၀၆ ခုနှစ်ကို အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ် စစ်တမ်းအပေါ် အခြေခံ၍ အခြေခံနှစ် (Base Year) အား ပြောင်းလဲတွက်ချက် ခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီအထိ တစ်နှစ်ပျမ်းမျှ ၉ ဒသမ ၂၀ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ နှစ် ဇန်နဝါရီအထိ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၀၆ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၁၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီအထိ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် မေတွင် ၄ ဒသမ ၂၉ ရာခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်း မြင့်တက်လာရာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ၉ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံပြီး မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်) တွင် ဖော်ပြထားချက်အရ သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် ပထမကာလတို ငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ) ကာလတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိယ ကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်) တွင် လက်ရှိဖြစ်ပေါ်နေသည့်  ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရေး အတွက် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့် နိုင်ငံခြား ငွေထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေး ကိစ္စရပ်များအား မဖြစ်မနေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent