COVID- 19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုများရှိနေသဖြင့် ခရီးသွားလုပ်ငန်းများမှ လိုင်စင်ကြေး၊ လိုင်စင်အသစ်လဲလှယ်ကြေး ပေးဆောင်ခြင်းကို တစ်နှစ်ကင်းလွတ်ခွင့်ပြုမည်

COVID- 19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုများရှိနေသဖြင့် ခရီးသွားလုပ်ငန်းများမှ လိုင်စင်ကြေး၊ လိုင်စင်အသစ်လဲလှယ်ကြေး ပေးဆောင်ခြင်းကို တစ်နှစ်ကင်းလွတ်ခွင့်ပြုမည်
 နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှုနည်းပါးခြင်းကြောင့် ခရီးသည်နည်းပါးနေသည့် ရန်ကုန်လေဆိပ်အတွင်း မြင်ကွင်းအား တွေ့ရစဉ်
နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှုနည်းပါးခြင်းကြောင့် ခရီးသည်နည်းပါးနေသည့် ရန်ကုန်လေဆိပ်အတွင်း မြင်ကွင်းအား တွေ့ရစဉ်
Published 20 April 2020

 

နိုင်ငံအများအပြားတွင် ဖြစ်ပွားနေသော COVID- 19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုများရှိနေသဖြင့် ခရီးသွားလုပ်ငန်းများမှ လိုင်စင်ကြေး၊ လိုင်စစ်အသစ်လဲလှယ်ကြေးများ ပေးဆောင်ခြင်းကို တစ်နှစ်ကင်းလွတ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ယင်းသို့ ကင်းလွတ်ခွင့်ပြုမည့်ကာလမှာ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်မှ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်ကာလအထိ တစ်နှစ်တာကာလအတွက် ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဥပဒေ ၂၀၁၈ နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ ထိုကော်မတီများက သက်ဆိုင်ရာဒေသအလိုက် ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာလုပ်ငန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်းများအတွက် လိုင်စင်ကြေး၊ လိုင်စင်အသစ်လဲလှယ်ကြေးများကို ကောက်ခံနေခြင်း ဖြစ်သည်။

နိုင်ငံအများအပြားတွင် ဖြစ်ပွားနေသော COVID- 19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုများရှိနေသဖြင့် ခရီးသွားလုပ်ငန်းများမှ လိုင်စင်ကြေး၊ လိုင်စစ်အသစ်လဲလှယ်ကြေးများ ပေးဆောင်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်မှ ၂၀၂၁ ပြည့်နှစ် မတ် ၃၁ ရက် ကာလအထိ တစ်နှစ်တာကာလအတွက် ကင်းလွတ်ခွင့်ပြုခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အသိပေးကြေညာ ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“Outbound Tour တွေအတွက် ခရီး သွားကုမ္ပဏီအများစုက သင်္ကြန်ကာလမှာ လေကြောင်းလိုင်းတွေကို ထိုင်ခုံတွေ ဘိုကင်တင်ထားရပါတယ်။ အဲဒီလိုဘိုကင်တင်ပြီး Deposit ပေးချေထားမှသာ ခုံရဖို့ သေချာပါတယ်။ ဒါပေမဲ့ အခု COVID- 19 ကြောင့် ခရီးစဉ်တွေ ဖျက်သိမ်းလိုက်ရတော့ ကုမ္ပဏီတွေအနေနဲ့ ပေးထားပြီးဖြစ်တဲ့ Deposit တွေကို ပြန်လည်ရရှိဖို့ လေကြောင်းလိုင်းတွေနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေရတာဖြစ်ပါတယ်။ ဒီလိုညှိနှိုင်းရာမှ Full Service Carrier လေကြောင်းလိုင်းတွေက Deposit ပေးချေထားတာတွေကို ပြန်ပေးဖို့ သဘောတူညီမှု ရရှိထားပြီးဖြစ်ပါတယ်။ အခြား Low Cost လေကြောင်းလိုင်းအချို့ကတော့ ရုံးချုပ်နဲ့ ပြန်ပြီး ညှိနှိုင်းမှုတွေလုပ်နေတယ်လို့ ပြောပါတယ်” ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောကြားသည်။

COVID- 19 ကြောင့် ကျဆင်းနေသည့် မြန်မာ့ခရီးသွားလုပ်ငန်းနယ်ပယ်၌ ကျွမ်းကျင်လုပ်သားဦးရေ သိန်းချီ အလုပ်လက်မဲ့မဖြစ်စေရန် ချေးငွေအမေရိကန် ဒေါ်လာ ၃၅ သန်းခန့် ရယူရန် တင်ပြထားကြောင်း နိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

COVID- 19 ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းမှာ ကျဆင်းနေပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များမှ လုပ်ငန်းဆက်လက်ရပ်တည်နိုင်ရန် နိုင်ငံတော်မှ အတိုးမဲ့ချေးငွေများ ခွင့်ပြုပေးရန်၊ အခွန်ဆောင်ရမည့်အချိန်ကာလအား နောက်ဆုတ်ပေးရန်အပါအဝင် အချက်သုံးချက်အား မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ နိုင်ငံတော်သို့ တင်ပြထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် COVID- 19 ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းမှာ ရာခိုင်နှုန်း ၈၀ အထိ ကျဆင်းနေပြီး သုညရာခိုင်နှုန်းအထိ ထိုးဆင်းမည့် အလားအလာများ ရှိနေကြောင်း သိရသည်။ COVID- 19 ရောဂါကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှနိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု ယခင်နှစ်ကာလတူဖြင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့်ကျဆင်းခဲ့ခြင်းဖြစ်သည်။

COVID- 19 ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းကျဆင်းနေပြီး ဟိုတယ်လုပ်ငန်းရှင်များမှ ဝန်ထမ်းလစာ မပေးနိုင်ခြင်းများမဖြစ်စေရန် နိုင်ငံတော်မှ အတိုးမဲ့ချေးငွေချေးယူရန် တင်ပြလာသည့် ဟိုတယ်လုပ်ငန်းရှင်ပေါင်း ၆၀ ကျော်ရှိကြောင်း မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကျော်ဦး၏ ပြောကြားချက်အရ သိရသည်။

 

Most Read

Most Recent