နိုင်ငံတကာမှ ကယ်ဆယ်ရေး၊ ဆေးဘက်ဆိုင်ရာနှင့် ကုန်စည်သီးသန့်လေယာဉ်များ ဆိုက်ရောက်နိုင်ရန်နှင့် သံရုံးဝန်ထမ်းများ၊ ပြည်သူများ နေရပ်သို့ လေကြောင်းဖြင့်ပြန်လည်ထွက်ခွာနိုင်ရန် လေကြောင်းဦးစီးဌာနက စိစစ်ခွင့်ပြုပေးနေ

နိုင်ငံတကာမှ ကယ်ဆယ်ရေး၊ ဆေးဘက်ဆိုင်ရာနှင့် ကုန်စည်သီးသန့်လေယာဉ်များ ဆိုက်ရောက်နိုင်ရန်နှင့် သံရုံးဝန်ထမ်းများ၊ ပြည်သူများ နေရပ်သို့ လေကြောင်းဖြင့်ပြန်လည်ထွက်ခွာနိုင်ရန် လေကြောင်းဦးစီးဌာနက စိစစ်ခွင့်ပြုပေးနေ
ပြည်ပသို့ပြန်လည်ထွက်ခွာမည့် နိုင်ငံခြားသားခရီးသည်များအား ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်
ပြည်ပသို့ပြန်လည်ထွက်ခွာမည့် နိုင်ငံခြားသားခရီးသည်များအား ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်
Published 20 April 2020

 

နိုင်ငံတကာမှ ကယ်ဆယ်ရေး၊ ဆေးဘက်ဆိုင်ရာနှင့် ကုန်စည်သီးသန့်လေယာဉ်များ ဆိုက်ရောက်နိုင်ရန်နှင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် သံရုံးဝန်ထမ်းများ၊ ပြည်သူများအား နေရပ်သို့ လေကြောင်းဖြင့် ပြန်လည်ထွက်ခွာနိုင်ရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စိစစ်ခွင့်ပြုပေးနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆင်းသက်ခွင့်အား ခေတ္တဆိုင်းငံ့ထားရန် ထုတ်ပြန်ထားပြီး ကယ်ဆယ်ရေး၊ ဆေးဘက်ဆိုင်ရာ၊ ကုန်စည်လေယာဉ်များသာ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ခွာလျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း ရောက်ရှိနေသော နိုင်ငံခြားသားများ မိမိနေရပ်သို့ ပို့ဆောင်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာနိုင်ငံ၏ သံရုံးနှင့် လေကြောင်းလိုင်းများမှ ပျံသန်းပို့ ဆောင်ခွင့်၊ ခွင့်ပြုချက်ကို တောင်းခံလျက်ရှိရာ အဆိုပါတောင်းဆိုမှုများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးဦးဆောင်၍ လေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက ပျံသန်းပို့ဆောင်ရန် စိစစ်၍ ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကယ်ဆယ်ရေး၊ ဆေးဘက်ဆိုင်ရာနှင့် ကုန်စည်သီးသန့်လေယာဉ်များ အနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်မှ ဧပြီ ၈ ရက်အထိ ခရီးသည်ဦးရေစုစုပေါင်း ၃၃၅၅ ဦးနှင့် ကုန်စည်တန်စုစုပေါင်း ၁၉၄ တန် တို့အား သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် မတ် ၂၉ ရက်က  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်များအရ နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များဆင်းသက်ခွင့်ကို မတ် ၃၁ ရက်မှ စတင်ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

COVID- 19 ကြောင့် ပြည်ပခရီးစဉ် ပျံသန်းမှုရပ်ဆိုင်းထားသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ကုန်စည်များတင်ပို့နိုင်ရန် ရန်ကုန်-ဘန်ကောက်-ရန်ကုန် Cargo စင်းလုံးငှားလေကြောင်းခရီးစဉ်အား စတင်ပျံသန်းနေပြီဖြစ်ပြီး စင်ကာပူနှင့် အခြားနိုင်ငံများသို့ပါ Cargo Flight များ ပျံသန်းရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

“ဘန်ကောက်ကို Cargo Flight စပြီး ပျံနေပါပြီ။ ဆေးနဲ့ ဆေးပစ္စည်းတွေကို အဓိကကုန်စည်အနေနဲ့ သယ်ယူပို့ဆောင်သွားမှာဖြစ်ပြီး အထည်အလိပ်တွေလည်း ပါဝင်ပါတယ်။ ခုတော့ ရန်ကုန်-ဘန်ကောက်ကို စပြီး Cargo Flight ပျံသန်းနေပြီး စင်ကာပူနဲ့ တခြားနိုင်ငံတွေကိုပါ ပျံသန်းဖို့ရှိပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး Capt Khup Khan Mung က ပြောကြားသည်။

COVID- 19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုင်ငံတကာမှ ခရီးသည်တင် လေယာဉ်များ ဆင်းသက်ခွင့်အား မတ် ၃၀ ရက် ညသန်းခေါင်မှစတင်ပြီး ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

သို့ဖြစ်၍ ပြည်ပခရီးစဉ်ပျံသန်းမှု ရပ်ဆိုင်းထားသည့် အချိန်ကာလတွင် နိုင်ငံအတွင်း လူသုံးကုန်ပစ္စည်းများ မပြတ်လပ်စေရေးနှင့် တင်ပို့ရမည့်ကုန်စည်များ တင်ပို့နိုင်ရန် Cargo စင်းလုံးငှားခရီးစဉ်များကို ပျံသန်းသွားမည်ဖြစ်ပြီး အဆိုပါ Cargo စင်းလုံးငှား ခရီးစဉ်များတွင်ကုန်စည်များသာ တင်ပို့နိုင်မည်ဖြစ်ပြီး ခရီးသည်များ လိုက်ပါနိုင်မည်မဟုတ်ကြောင်း သိရသည်။

 

Most Read

Most Recent