လက်ရှိဘဏ္ဍာနှစ် ခြောက်လအတွင်း အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၃ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၂၀၀ ကျော်ပိုမိုရရှိထားဟုဆို

လက်ရှိဘဏ္ဍာနှစ် ခြောက်လအတွင်း အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၃ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၂၀၀ ကျော်ပိုမိုရရှိထားဟုဆို
မြန်မာနို်င်ငံရှိ အထည်ချုပ်လုပ်ငန်းတစ်ခု၏ လုပ်ငန်းခွင်ကို တွေ့ရစဉ်
မြန်မာနို်င်ငံရှိ အထည်ချုပ်လုပ်ငန်းတစ်ခု၏ လုပ်ငန်းခွင်ကို တွေ့ရစဉ်
Published 6 April 2020
ဇေယျာငြိမ်း



လက်ရှိဘဏ္ဍာနှစ် ခြောက်လအတွင်း ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၃ ဘီလျံ ကျော်ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၂၀၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၂၇ ရက်အထိ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ အမေရိကန်ဒေါ် လာ ၂ ဒသမ ၃၆၆ ဘီလျံရရှိထားသည်။

“ပြီးခဲ့တဲ့နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင်တော့ တင်ပို့မှုမှရတဲ့တန်ဖိုးငွေက အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်လောက် ပိုရရှိထားတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် CMP လက်ခစား လုပ်ငန်းများမှ နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း ၃၀၀ ခန့်သာ ဝင်ငွေရှိသော်လည်း အဆိုပါ လုပ်ငန်းများကို CMP စနစ်ဖြင့် ဆောင်ရွက်နိုင်မည် ဆိုပါက ဒေါ်လာသန်း ၃၀၀၀ (သုံးဘီလျံ) အထိ  နိုင်ငံ့ဝင်ငွေ ရရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ပြည်ပမှ ကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်း၌ ကုန်ချောထုတ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့သည့် CMP လက်ခစားစနစ်ကို မြန်မာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ်က အထည်ချုပ်လုပ်ငန်းနှင့် စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင် ဖိနပ်၊ အိတ်ချုပ်လုပ်ငန်း၊ ပလတ်စတစ်ကုန်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊ ဆံပင်အတု လုပ်ငန်းများအပြင် အခြားသော လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်း လုပ်ငန်းပေါင်း ၇၀ ကျော်အထိရှိကြောင်း သိရသည်။

လက်ရှိအချိန်အထိ CMP လက်ခစားစနစ် လုပ်ငန်းသည့် နှစ်ပေါင်း ၃၀ ခန့်ရှိလာပြီ ဖြစ်သော်လည်း ကိုယ်တိုင်ထုတ်လုပ်နိုင်သည့် အခြေအနေသို့ တက်လှမ်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပြည်တွင်းအထည်ချုပ် လုပ်ငန်းများ အနေဖြင့် ကုန်ကြမ်းကို တရုတ်နိုင်ငံမှအဓိက တင်သွင်းနေရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် COVID-19 ရောဂါကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်မှုများ ပြတ်တောက်ခဲ့သဖြင့် ကုန်ကြမ်းရရှိမှု အခက်အခဲများ ရှိနေကြောင်း သိရသည်။

သင်္ကြန်ပြီးသည်အထိ ကုန်ကြမ်းမရရှိပါက CMP စက်ရုံများသည် လုပ်ငန်းပိတ်သိမ်းသည်ထိ ဖြစ်ပေါ်နိုင်သောကြောင့် အလုပ်သမားများ နားလည်မှုရှိစွာဖြင့် ဆန္ဒပြသပိတ်မှောက်ခြင်း မလုပ်ကြရန် အစိုးရမှ တိုက်တွန်းပေးပါရန်အချက် အပါအဝင် အဓိက တောင်းဆိုချက် ၁၀ ခုကို လုပ်ငန်းရှင်များက အမြန်ဆုံး တင်ပြသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်က မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က ထုတ်ပြန်ထားမှုအရ သိရသည်။

ထို့အပြင် ကုန်ကြမ်းပြတ်လပ်မှုကြောင့် ကုန်ချောအချိန်မီ တင်ပို့နိုင်ခြင်း မရှိသည့်အတွက် စာချုပ်ကတိကဝတ် ဖောက်ဖျက်၍ လျော်ကြေးများရခြင်းမှ ကာကွယ်ရန် အစိုးရမှ တရားဝင်ကြေညာချက်စာ ထုတ်ပေးရန်၊ ကုန်ကြမ်းပစ္စည်းများ ရောက်ရှိလာချိန်တွင် ဆိပ်ကမ်းမှ မြန်ဆန်စွာ ရှင်းလင်းထုတ်ယူနိုင်ရေးအတွက် အကောက်ခွန် ဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် အခြားသော လိုအပ်ချက်များအတွက် တောင်းဆိုထားသည်။

၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါး ရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာ့ အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ  ၁၀ ဘီလျံအထိရရှိရန် မျှော်မှန်းထားကြောင်း ၂၀၁၉ ခုနှစ် မေ ၁၁ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၏ ပဥ္စမအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးမှ သိရသည်။

ပြည်တွင်း အထည်ချုပ်လုပ်ငန်းကဏ္ဍ၌ လက်ရှိတွင် လုပ်သားအင်အား ငါးသိန်းကျော်ဖြင့် အလုပ်လုပ်ကိုင်နေကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

Most Read

Most Recent