သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ကူညီမှု ငါးမျိုးစီကို ဧပြီ ၁၀ ရက်နေ့မှစ၍ အခမဲ့ပေးမည်

သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ကူညီမှု ငါးမျိုးစီကို ဧပြီ ၁၀ ရက်နေ့မှစ၍ အခမဲ့ပေးမည်
Published 6 April 2020

 

COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ကူညီမှု ငါးမျိုးစီကို ဧပြီ ၁၀ ရက်နေ့မှစ၍ အခမဲ့ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ဧပြီ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ နိုင်ငံအနှံ့အပြားမှ ပြည်သူများ၏ တင်ပြချက်များကို စစစ်၍ နိုင်ငံတော်အစိုးရ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှာဖွေသုံးသပ်ခဲ့ကြောင်း အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာ စုစုပါင်း ထောက်ပံ့ကူညီမှု ငါးမျိုးစီကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၁၀ ရက်နေ့မှစ၍ အခမဲ့ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မလိုလားအပ်သော လေလွင့်မှုများ၊ ကြန့်ကြာမှုများ၊ အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေးအတွက်လည်း တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ကြီးကြပ်မှုဖြင့် စာရင်းကောက်ယူခြင်း၊ ထုပ်ပိုးခြင်း၊ ပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း စသည်တို့ကို ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိတလူငယ်များနှင့် ပူးပေါင်းဆောက်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ မပါ) အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု (၁၅၀) ယနစ်အထိကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ဧပြီလကုန်အထိ ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

 

Most Read

Most Recent