COVID-19 ရောဂါ ရှိ မရှိ တစ်ရက်လျှင် လူ ၁၃၀၀ ကျော် စစ်ဆေးနိုင်သည့်စက် AA Medical Product က ဧပြီ ၅ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
Automatic နည်းလမ်းဖြင့် တိကျမြန်ဆန်စွာ COVID-19 ရောဂါ ရှိ မရှိ ရှစ်နာရီအတွင်း လူပေါင်း ၃၈၀ ကျော်၊ ၂၄ နာရီအတွင်း လူပေါင်း ၁၃၀၀ ကျော်ကို စစ်ဆေးနိုင်သော Cobas 6800 Analyser စက်ကို AA Medical Product က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ထို့ပြင် Cobas 6800 Analyser စက်နှင့်တွဲဖက်ပြီး လူအယောက် ၁၀၀၀ ကျော်အထိ စစ်ဆေးနိုင်သည့် ရောဂါရှာဖွေရေးဆေးရည် Reagent နှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (NHL) ၏ Virlolgy Lab အဆင့်မြှင့်တင်မှုလှူဒါန်းခြင်း (Lab renovations Including Air corn & Lab fixtures/fitting) တို့အတွက် စုစုပေါင်း ကျပ် ၈၃၅၂ သိန်းကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။
Roche Diagnostic Medical Device Company က COVID-19 ရောဂါ ရှိ မရှိ Automatic စနစ်ဖြင့် တိကျမြန်ဆန်စွာ စစ်ပေးနိုင်သည့် Roche Cobas 6800 Analyser စက်တစ်လုံးနှင့် တွဲဖက်သုံးစွဲရမည့် SARS-CoV-2 Reagent အသစ်ကိုတီထွင်ပြီးခြင်း USFDA တွင် မှတ်ပုံတင်ရရှိပြီးသည်နှင့် တစ်ပြိုင်နက် မြန်မာနိုင်ငံအတွက် ခွဲတမ်းရရှိရန် ကြိုးစားခဲ့ရာ လက်ရှိတွင် American နိုင်ငံမှ Frankfurt လေဆိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း AA Medical Product က ထုတ်ပြန်ထားသည်။

ကျန်းမာရေးနှင့် အားစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဧပြီ ၅ ရက်က ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်း၊ ပြည်ထောင်စုခန်းမ၌ ကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းမှုများအား လက်ခံခဲ့သည်။
အဆိုပါ လှူဒါန်းပွဲ၌ အလှူရှင် (၁၉၂) ဦးထံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းငွေ (၂၁၂၃၂၅၀၀၀) ကျပ် (ကျပ် နှစ်ထောင့်တစ်ရာ နှစ်ဆယ့်သုံးသိန်း နှစ်သောင်း ငါးထောင်)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကျပ် (၂၉၁၁၅၇ ၅၀၅၀) သိန်း (ကျပ် နှစ်သောင်း ကိုးထောင့် တစ်ရာ တစ်ဆယ့်ငါးသိန်း ခုနှစ်သိန်း ငါးသောင်း ငါးထောင်) နှင့်အမေရိကန်ဒေါ်လာ (၁၅၀၀၀) တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းများ လက်ခံရရှိခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ ငွေကျပ် (၇၂၉၅၀၂၀၀၀) (ကျပ် ခုနှစ်ထောင့်နှစ်ရာ ကိုးဆယ့်ငါးသိန်းကျော်) တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းများ၊ Quarantine Center များတွင် အသုံးပြုရန်အတွက် အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ကုန်များ လက်ခံရရှိခဲ့ကြောင်း သိရသည်။















