ကချင်ပြည်နယ်တွင် ပြည်ပမှ ပြန်လာသူ ၄၀၀၀ ကျော်အနက် ၃၅၀၀ ကျော်မှာ နေအိမ် Quarantine နေသူများ ဖြစ်နေသဖြင့် စိုးရိမ်နေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပြောကြား

ကချင်ပြည်နယ်တွင် ပြည်ပမှ ပြန်လာသူ ၄၀၀၀ ကျော်အနက် ၃၅၀၀ ကျော်မှာ နေအိမ် Quarantine နေသူများ ဖြစ်နေသဖြင့် စိုးရိမ်နေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပြောကြား
Published 5 April 2020
ထွန်းလင်းအောင်(မြစ်ကြီးနား)

 ကချင်ပြည်နယ်အတွင်း ပြည်ပမှ ပြန်လာသူ ၄၀၀၀ ကျော်အနက် ၃၅၀၀ ကျော်မှာ နေအိမ် Quarantine နေသူများ ဖြစ်နေသဖြင့် စိုးရိမ်နေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့် (ခ) ဦးချိုက ဆိုသည်။

ကချင်ပြည်နယ်တွင် Community base Facility Quarantine အရေအတွက် ၁၉၂ ဦး၊ ပြည်ပပြန်လာသူ ၄၃၂၈ ဦးရှိနေပြီး ၁၄ရက် ပြီးနောက် ပြန်လည်စေလွှတ်သူမှာ ၁၀၂၇ ဦးရှိကြောင်း ဧပြီ ၃ ရက် ညနေပိုင်း စာရင်းများအရ သိရသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၉) မှ ဦးချိုက “နေအိမ်မှာ Quarantine လုပ်တာက စိတ်ချရတဲ့ အခြေအနေ မရှိဘူး။ ကျွန်တော်ကတော့ မြစ်ကြီးနားကို ရောက်တာနဲ့ စာသင်ကျောင်း၊ ဘုရားကျောင်းတွေမှာ Facility Quarantine ထားဖို့ တိုက်တွန်းနေတယ်။ အိမ်မှာနေတာ အနည်းဆုံး မိသားစုက စိတ်မချရဘူး။ ကချင်ပြည်နယ်မှာဆိုရင် လက်ရှိ နိုင်ငံခြားပြန် ၅၀၀၀ ဝန်းကျင် ရှိနေတယ်။ လိုအပ်တာတွေကိုလည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့တွေဆီကို အကြောင်းကြားစေချင်ပါတယ်” ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် ပြည်ပပြန်သူမှာ မိုးညှင်းခရိုင်တွင် ၁၉၇၁ ဦး၊ ဗန်းမော်ခရိုင်တွင် ၁၃၆၁ ဦး၊ မြစ်ကြီးနားခရိုင်တွင် ၈၃၂ ဦး၊ ပူ တာအိုခရိုင်တွင် ၁၆၄ ဦးရှိနေကြောင်း ဧပြီ ၄  ရက် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန စာရင်းများအရ သိရသည်။

မြစ်ကြီးနားခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒေါက်တာဒေါင်နောက “နေအိမ်မှာ Quarantine နေတာက စည်းကမ်းလိုက်နာဖို့လိုတယ်။  အနည်းဆုံး သုံးပေ၊ ခြောက်ပေအကွာ နေရမယ်။ ထမင်းဝိုင်းအတူ မစားရဘူး။ ရေချိုးခန်း၊ အိမ်သာကို အချိန်အကန့်အသတ်အဖြစ် သုံးစေချင်တယ်။ ကျွန်မတို့က နေအိမ်မှာ ရောက်တာနဲ့ ကျန်းမာရေးက စစ်တမ်းယူတယ်။ မိသားစုနဲ့ ကာယကံရှင်ကို လိုက်နာရမယ့် အချက်တွေကို ပြောထားတယ်။ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်အရ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ပေးထားတယ်။ အကောင်းဆုံး ကတော့ Facility Quarantine ယူတာဖြစ်ပါတယ်။ မြို့နယ်တိုင်းအထိ ပြင်ဆင်ထားပါတယ်” ဟု ဆိုသည်။

ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင်မူ Camp Quarantine ယူရန်မှာ လူဦးရေများခြင်း၊ နေအိမ်အခန်းများ ကျဉ်းမြောင်းနေခြင်း စသည့်အခြေအနေများကြောင့် ပြည်ပမှ ပြန်လာသူများကို Facility Quarantine ယူရန် ဆောင်ရွက်ထားရကြောင်း ဒေါက်တာဒေါင်နောက ဆိုသည်။

ကချင်ပြည်နယ်တွင် သံသယလူနာ ၂၁ ဦးကို စစ်ဆေးခဲ့သော်လည်း COVID-19 ရောဂါ မတွေ့ရှိကြောင်း  သိရသည်။

 

Most Read

Most Recent