မြန်မာနိုင်ငံ၏ အဓိက ကုန်စည်စီးဆင်းရာဂိတ် တစ်ခုဖြစ်သည့် မူဆယ်မြို့ရှိ မန်ဝိန်းဂိတ်၌ တရုတ်နိုင်ငံဘက် အခြမ်းက မြန်မာကုန်ကားမောင်းသူများကို ပေးမဝင်ခြင်းကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေ

မြန်မာနိုင်ငံ၏ အဓိက ကုန်စည်စီးဆင်းရာဂိတ် တစ်ခုဖြစ်သည့် မူဆယ်မြို့ရှိ မန်ဝိန်းဂိတ်၌ တရုတ်နိုင်ငံဘက် အခြမ်းက မြန်မာကုန်ကားမောင်းသူများကို ပေးမဝင်ခြင်းကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေ
မူဆယ်မြို့ရှိ မန်ဝိန်းဂိတ်ကို တွေ့ရစဉ်
မူဆယ်မြို့ရှိ မန်ဝိန်းဂိတ်ကို တွေ့ရစဉ်
Published 5 April 2020
ပြည့်စုံ (မူဆယ်)

မြန်မာနိုင်ငံ၏ အဓိကကုန်စည်စီးဆင်းရာ ဂိတ်တစ်ခုဖြစ်သည့် မူဆယ်မြို့ရှိ မြန်မာ တရုတ်နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေး မန်ဝိန်းဂိတ်၌ ဧပြီ ၅ ရက် ၆ နာရီခွဲခန့်က တရုတ်နိုင်ငံဘက်အခြမ်းက မြန်မာကုန်ကား မောင်းသူများကို ပေးမဝင်တော့ဘဲ မြန်မာကားများကို တရုတ်နိုင်ငံသားများနှင့် လဲလှယ်မောင်းနှင်မှုကို မြန်မာကုန်ကား မောင်းသူများက လက်မခံနိုင်မှုကြောင့် တရုတ်ပြည်တွင်း ဝင်ရောက်မည့် ကုန်ကားများ ပြန်လည်လှည့်ပြန်မှုကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်ခဲ့ရကြောင်း သိရသည်။

“ယခု လက်ရှိတော့ မဝင်ရဘူး။ ဟိုဘက်ခြမ်းက မြန်မာကားတွေကို သူတို့လူနဲ့သူတို့ ထုတ်မယ်။ ကျွန်တော်တို့ မြန်မာကားတွေကို သူတို့လူနဲ့ ထုတ်တာကို လက်မခံနိုင်ဘူး။ သူတို့ဘက်က အဝင်မခံတာကြောင့် ပြန်လှည့်တာပါ” ဟု ကုန်ကားမောင်းသူ ကိုရဲလင်းထက်က ပြောကြားသည်။

တရုတ်နိုင်ငံဘက်က မတ် ၂၉ ရက်က ရှမ်းပြည်နယ်အတွင်း နေထိုင်သော မှတ်ပုံတင် ကိုင်ဆောင်ထားသော ကုန်ကားမောင်းသူများသာ ပေးဝင်ခဲ့မှု စတင်ကန့်သတ်ခဲ့ပြီး ဧပြီ  ၅ ရက်တွင် မြန်မာကုန်တင် ယာဉ်မောင်းများအား ပေးမဝင်တော့ဘဲ တင်းကျပ်သည့် အစီအမံများကြောင့် မြန်မာကုန်ကား မောင်းသူများက လက်မခံဘဲ လှည့်ပြန်မှုကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်ခဲ့ရာ နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးလျက် ရှိကြောင်း သိရသည်။

“လောလောဆယ်တော့ ခဏလေး ရပ်တန့်သွားတာပေါ့။ ဒီဟာကလည်း မနေ့ကမှ စာထွက်လာတာ။ မနေ့က စာထွက်ပြီး ဒီနေ့ စကျင့်သုံးတယ်ဆိုတော့ အခက်အခဲတော့ ရှိတာပေါ့။ အဲဒါလေးကို ကျွန်တော်တို့ဘက်က တာဝန်ရှိသူတွေနဲ့ တရုတ်ဘက်က တာဝန်ရှိသူတွေ တွေ့ဆုံညှိနှိုင်းပြီးမှ အကောင်းဆုံး အဆင်ပြေနိုင်ဆုံး ဖြစ်လာအောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” ဟု မူဆယ် နမ့်ခမ်းကုန်သည်ကြီးများအသင်း (မူဆယ်) ဥက္ကဋ္ဌဦးစိုင်းနွံက ပြောကြားသည်။

တရုတ်နိုင်ငံက ကျယ်ဂေါင်-မန်ဝိန်းဂိတ် Coronavirus ကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်ဆောင်ရွက်ရန်နှင့် ကူးစက်မှုအန္တရာယ် လျှော့ချနိုင်ရန်အတွက် ဧပြီ ၅ ရက်မှစပြီး ကျယ်ဂေါင် ‘တုံးရှဲကုန်ပစ္စည်း ပို့ဆောင်ရေး ကားကွင်း’ ကို ပို့ကုန်/သွင်းကုန် သီးခြားအုပ်ချုပ်မှုဇုန်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ တုံးရှဲကားကွင်းတွင် ပို့ကုန်/သွင်းကုန်ကားများ ဝင်ရောက်ရန်နှင့် ထိုနေရာတွင် မြန်မာယာဉ်မောင်းများနှင့် တရုတ်ယာဉ်မောင်းများ လဲလှယ်မောင်းနှင်ရမည် ဖြစ်‌ကြောင်း သိရသည်။

ထို့ပြင် တရုတ်ပြည်ဘက်ထွက်သည့် ကုန်ကားနှင့် ကားဆရာ ထိုင်ခုံနေရာအား ပိုးသတ်ပေးမည်ဖြစ်ပြီး မြန်မာဘက်ကလည်း တရုတ်ပြည်ဝင်သည့် ကုန်ကားနှင့် ကားဆရာကို ပိုးသတ်ဆေး ဖျန်းပေးရမည်ဖြစ်ကာ ကိုယ်စား မောင်းသူစရိတ်ကို တစ်စီးလျှင် ၁၀ ယွမ် သတ်မှတ်ထားကာ ဇုန်အတွင်းတွင် ရပ်နားထားသော ကားများအတွက် ရပ်နားခ ကောက်ခံသည့် စရိတ်သည် နေ့စဉ် ၁၀ ယွမ်ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ဧပြီ ၅ ရက် ညနေ ၃ နာရီအထိ လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးတွင် ကုန်ကား အစီးရေ ၅၀၀ ခန့် ရပ်တန့်ထားရကြောင်း သိရသည်။

 

Most Read

Most Recent