ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့စဉ် သေဆုံးသည့်အရေအတွက်သည် ၇၀၈ ဦးအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး သေဆုံးသူများထဲတွင် အသက် ငါးနှစ်အရွယ်ကလေးတစ်ဦး ပါဝင်ခဲ့သည်ဟု ဧပြီ ၄ ရက် တွင် ထုတ်ပြန်ခဲ့သည်။အဆိုပါကလေးသည် ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံး ခဲ့သည့် အသက်အငယ်ဆုံး ဖြစ်သည်။
ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်သည် ၄၃,၀၀၀ ခန့်ရှိပြီး သေဆုံးသူ ၄,၃၀၀ အထိ မြင့်တက်ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သေဆုံးသူ အရေအတွက်သည် ယခုသီတင်း ပတ်တွင် ၅၀၀ မှ တဖြည်းဖြည်းမြင့်တက်လာကြောင်းနှင့် ဗြိတိန်သည် လာမည့် သီတင်းပတ်မှ ၁၀ ရက်အတွင်း သေဆုံးမှုနှုန်း အမြင့်ဆုံး ရောက်ရှိလာနိုင်ခြေရှိမှုအတွက် ပြင်ဆင်ထားကြောင်း ထုတ်ပြန်ခဲ့သည်။
“ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာတွေထဲ မှာ အသက် ငါးနှစ်ကနေ ၁၀၄ နှစ် အထိ ပါ တယ်။ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ အသက် ၄၈ နှစ်နှင့် ၉၃ နှစ်အတွင်းရှိ လူနာ ၆၃၇ ဦးမှာ ၄ဝက နာမကျန်းဖြစ်တဲ့ အခံမရှိဘူးလို့ သိ ထားတယ်” ဟု အမျိုးသားကျန်းမာရေးဌာန (NHS) က ထုတ်ပြန်ခဲ့သည်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သည့် အသက် ငါးနှစ်အရွယ်ကလေး၏ သတင်းအချက်အလက်များကို မိသားစု၏ တောင်းဆိုမှုအရ NHS က ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
လန်ဒန်မှ ၁၃ နှစ်အရွယ် အစ္စမေးလ် မိုဟာမက်အဗ္ဗဒူဝါဟက် အမည်ရှိ ကလေးတစ်ဦး COVID-19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်က သေဆုံးခဲ့သည်။ အစ္စမေးလ် သည် နာမကျန်းဖြစ်သည့်အခံမရှိကြောင်း ၎င်း၏ မိဘများက ပြောကြားခဲ့သည်။ အစ္စမေးလ်၏ မိခင်နှင့် မောင်နှမများတွင်လည်း ယခုအခါ ဗိုင်းရပ်စ်လက္ခဏာများ တွေ့ရှိခဲ့ကြောင်း အကြီးတန်းအစိုးရအဖွဲ့ ဝန်ကြီး မိုက်ကယ်ဂေါ့ဖ်က ပြောကြားခဲ့သည်။ နေ့စဉ် မြင့်တက်လာသည့် သေဆုံးသူများထဲတွင် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်း ခုနစ်ဦး ပါဝင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်၏ မပြင်းထန်သောလက္ခဏာများ ပြသခဲ့ပြီးနောက် ရောဂါခြေချုပ်နေခဲ့သည့် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကိုရို နာဗိုင်းရပ်စ်ကူးစက်မှုကို လျှော့ချရန် ကြိုးစားမှုအဖြစ် ဗြိတိန်တွင် မတ် ၂၃ ရက်မှ စပြီး သီတင်းသုံးပတ်ကြာ Lockdown ချခဲ့သည်။
သို့သော် ယခုသီတင်းပတ်တွင် ပိုမိုပူလာမည် ဆိုသော ရာသီဥတုခန့်မှန်းချက်ကြောင့် နေအိမ်အတွင်းသာ နေသော လူထုကို အပူရှောင်ရန် စိမ်းလန်းသည့် နေရာများနှင့် အများပြည်သူ့ပန်းခြံများသို့ သွားရောက်စေနိုင် သည်ဟူသည့် စိုးရိမ်မှုများလည်း ရှိခဲ့သည်။
အီစတာပွဲတော်သီတင်းပတ်အကုန်ခန့်တွင် ဗိုင်းရပ်စ်ကူးစက်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိနိုင်ခြေရှိသည်ဟု Imperial College London မှ ကူးစက်ရောဂါပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာပညာရှင် နေးဖာဂူဆန်က ဧပြီ ၄ ရက်တွင် ဘီဘီစီသို့ ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီး မက်ဟန်ကွက် Social Distancing အတွက် တားဆီးမှုကို ဖြေလျှော့ပေးမည်မဟုတ်ဟု သတိပေးခဲ့ သည်။ “ကျွန်တော်တို့ ဖြေလျှော့ပေးလိုက်ရင် လူတွေ သေကုန်ကျမယ်” ဟု ၎င်းက ပြော ကြားခဲ့သည်။















