COVID-19 ကြောင့် ထိခိုက်မှုရှိနေသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသော စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေလျှောက်လွှာများ စတင်လက်ခံနေပြီး ဧပြီ ၉ ရက်နောက်ဆုံးထား လျှောက်ထားရမည်

COVID-19 ကြောင့် ထိခိုက်မှုရှိနေသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသော စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေလျှောက်လွှာများ စတင်လက်ခံနေပြီး ဧပြီ ၉ ရက်နောက်ဆုံးထား လျှောက်ထားရမည်
Published 1 April 2020

COVID-19 ကြောင့် ဦးစားပေး ကုစားရမည့်ကဏ္ဍများအတွက် ချေးငွေ စတင်လက်ခံသည့် နှစ်ရက်အတွင်း CMP ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် SME လုပ်ငန်းရှင် ၅၀ က ချေးငွေ လာရောက်လျှောက်ထားခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

ကုန်သည်စက်မှုအသင်းချုပ်တွင် COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ COVID-19 Fund မှ ထုတ်ပေးမည့် အတိုးနှုန်းသက်သာသည့် ချေးငွေအတွက် လျှောက်လွှာများကို မတ် ၃၀ ရက်ကစတင်ခဲ့ရာ မတ် ၃၀ နှင့် ၃၁ ရက်၊ နှစ်ရက်အတွင်း လုပ်ငန်းရှင် ၅၀ မှာ ချေးငွေ လျှောက်လွှာတင်ခဲ့ခြင်းဖြစ်သည်။

ချေးငွေစတင်လက်ခံသည့် ပထမနေ့နှင့် ဒုတိယနေ့တွင် လျှောက်လွှာထုတ်ယူခြင်းနှင့် လာရောက်စုံစမ်းမေးမြန်းသူ ဦးရေ ၁၅၄ ဦးအထိရှိခဲ့ပြီး အချက်အလက် ပြည့်စုံစွာဖြင့် လျှောက်လွှာတင်ခဲ့သူ ၅၀ ဦးရှိခဲ့ကာ ဦးစားပေးကုစားပေးရမည့် ကဏ္ဍများဖြစ်သည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ SME ကုန်ထုတ်လုပ်ငန်းများမှ လုပ်ငန်းရှင် အများစုပါဝင်ကြောင်း သိရသည်။

ကုန်သည်စက်မှုအသင်းချုပ်သည် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင် ့လက်တွဲပူးပေါင်းဆောင်ရွက်ကာ COVID-19 ကြောင့် လတ်တလောစီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့်လုပ်ငန်းကဏ္ဍများအား COVID-19 Fund မှ ချေးငွေများ ထုတ်ချေးပေးရာတွင် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အဆိုပါချေးငွေကို ဦးစားပေးကုစားရမည့်ကဏ္ဍများတွင် အကျုံးဝင်သည့်စီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် ချေးငွေများ လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်လွှာများကို ၂၀၂၀ ပြည့်နှစ် မတ် ၃၀ မှ ဧပြီ ၉ ရက်အတွင်း နေ့စဉ်နံနက် ၉ နာရီ မိနစ် ၃၀ မှ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်အတွင်း လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ဧပြီ ၉ ရက်အထိ လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။

COVID-19 ၏ အကျိုးသက်ရောက်မှုဖြင့် နိုင်ငံအတွင်း စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် အဆိုပါလုပ်ငန်းကဏ္ဍ သုံးခုကို ဦးစားပေးကုစားရန်အတွက် ပြည်ထောင်စုအစိုးရသည် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေမှ ကျပ်ဘီလျံ ၅၀ နှင့်လူမှုဖူလုံရေး ရန်ပုံငွေမှ ကျပ်ဘီလျံ ၅၀ ဖြင့် စုစုပေါင်း ကျပ် ဘီလျံ ၁၀၀ ကို ကနဦးမ,တည်၍ မြန်မာ့့စီးပွားရေးဘဏ်တွင် COVID-19 Fund ကို ထူထောင်ကာ ချေးငွေများထုတ်ပေးခြင်း ဖြစ်သည်။

ကုန်သည်စက်မှုအသင်းချုပ်သည် ပုဂ္ဂလိကကဏ္ဍအား ဦးဆောင်၍ နိုင်ငံတော်အစိုးရနှင့်အတူ ရန်ပုံငွေကျပ်ဘီလျံ ၁၀၀ အား လုပ်ငန်းကဏ္ဍအလိုက် အမှန်တကယ်လိုအပ်ပြီး ရသင့်ရထိုက်သောလုပ်ငန်းများမှ ချေးငွေရရှိအောင် စနစ်တကျခွဲဝေပေးနိုင်ရေး၊ ချေးငွေအတွက် စံသတ်မှတ်ချက်များကို သတ်မှတ်ပေးနိုင်ရေး၊ သတ်မှတ်ကာလအတွင်း ချေးငွေပြန်ပေးဆပ်နိုင်ရေးတို့အတွက် ဆောင်ရွက်သွားမည်ဟု သိရသည်။

Most Read

Most Recent