အီတလီနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကြောင့် ဖြစ်ပေါ်သည့် ကြီးမားသော ရိုက်ခတ်ချက်နှင့် ပတ်သက်၍ ဆက်လက်ရုန်းကန်နေရချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး၏ သက်ရောက်မှုများကြောင့် အီတလီ၌ မတ် ၂၇ ရက်အထိ ဆရာဝန်ပေါင်း ၅၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ မတ်၂၇ ရက်အထိ COVID-19 စမ်းသပ်စစ်ဆေးမှု၌ Positive ဖြစ်ခဲ့သည့် စုစုပေါင်း ဆရာဝန် ၅၁ ဦး သေဆုံးခဲ့ကြောင်း အီတလီ ဆရာဝန်များအသင်းကို ကိုးကားလျက် CNN သတင်းဌာနက ဖော်ပြခဲ့သည်။ အီတလီဆရာဝန်များအသင်း ဥက္ကဋ္ဌ ဖိလစ်ပိုအနယ်လီက ကာကွယ်၍ရနိုင်သော သေဆုံးမှုများသည် ဆေးကုသရေး ပရော်ဖက်ရှင်၌ အကြီးအကျယ် ဖြစ်ပေါ်နေကြောင်းကို ထောက်ပြလျက် အီတလီမှ ဆရာဝန်များကို CNN ဝတ်စုံများ ပိုမိုထောက်ပံ့ကြရန် တောင်းဆိုခဲ့သည်။
“ ဗိုင်းရပ်စ် ဖြန့်ချိတဲ့သူတွေ ဖြစ်မလာအောင် ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ဟာ ပထမဆုံး လုပ်ရမယ့်အရာပါ။ ကျွန်တော်တို့ ဆရာဝန်တွေဟာ လက်နက်မပါဘဲ စစ်ပွဲကို စေလွှတ်ခံနေရပါတယ်” ဟု အနယ်လီက The Financial Times ၌ မတ် ၂၆ ရက်က ဖော်ပြခဲ့သည့် ဆောင်းပါးတွင် ပြောကြားထားသည်။ “သေဆုံးမှုက အသံမထွက်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ သေဆုံးသွားတဲ့ မိတ်ဆွေတွေ၊ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ နာမည်တွေက ဒီမှာ အဖြူနဲ့ အနက်ကို ဝတ်ဆင်ပြီး နားကွဲလောက်အောင် အသံပြုနေပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
အီတလီနိုင်ငံသည် ကမ္ဘာပေါ်၌ COVID-19 ကြောင့် သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး ယခုအထိ ရောဂါကူးစက်ခံရသူ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း သေဆုံးခဲ့ပြီး ဖြစ်သည်။ မတ် ၂၇ ရက်အထိ အီတလီနိုင်ငံတွင် ရောဂါကူးစက်ခံရသူပေါင်း ၈၆,၀၀၀ ရှိပြီး ၉,၁၀၀ သေဆုံးကာ ၁၁,၀၀၀ ပြန်လည် နာလန်ထခဲ့ပြီး ဖြစ်သည်။ အီတလီတွင် ကျန်းမာရေးဝန်ထမ်းပေါင်း ၆,၄၁၄ ဦး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးဖြစ်ကြောင်း သိရသည်။ ကမ္ဘာတစ်လွှား၌ ကိုရိုနာဗိုင်းရပ်စ်ကို ကုသရန်ကြိုးပမ်းသည့် နောက်ထပ်ကျန်းမာရေး ဝန်ထမ်း ထောင်နှင့်ချီလျက်သည်လည်း ရောဂါပိုးကူးစက်ခံခဲ့ရခြင်း၌ PPE လုံလောက်မှု မရှိခြင်းက အကြောင်းရင်းတစ်ရပ်အနေဖြင့် ပါဝင်ကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် အမြင့်ဆုံးအဖြစ် လူပေါင်း ၁၀၀,၀၀၀ ကျော် ရောဂါကူးစက်ခံရပြီးဖြစ်သည့် အမေရိကန်ပြည်ထောင်စုတွင် ကျန်းမာရေးဝန်ထမ်းများက နောက်ထပ် PPE ဝတ်စုံများ အရေးပေါ် တိုး၍တိုး၍ လိုအပ်လာနေကြောင်း ထောက်ပြလျက်ရှိသည်။ ထောက်ပံ့ရေးပစ္စည်းများ ထုတ်လုပ်မှုက ဆေးရုံများနှင့် ဆေးကုသရေးဌာနများအများစု၏ လိုအပ်ချက်များကို အမီမလိုက်နိုင်တော့ဘဲ သာမန်လူများက ၎င်းတို့ကိုယ်တိုင်အတွက် စုဆောင်းရန် လိုအပ်သည့် ထောက်ပ့ံရေးပစ္စည်းများကို ဝယ်သိမ်းခြင်းကလည်း ပြတ်လပ်မှုကို ပိုမိုဆိုးရွားစေပုံရသည်ဟု ဆိုသည်။
လုပ်ငန်းများနှင့် လူတစ်ဦးချင်းစီကလည်း PPE ဝတ်စုံများကို အားဖြည့်ထုတ်လုပ်ကာ ဖြစ်ပေါ်နေသော အနေအထားကို ကိုင်တွယ်နိုင်ရန် ကြိုးပမ်းနေကြသည်။ PPE ကို 3D printing ဖြင့် ထုတ်လုပ်ရန် ကြိုးပမ်းခြင်းကလည်း ရလဒ်အမျိုးမျိုး ထွက်ပေါ်နေပြီး အထင်ကရကုမ္ပဏီများက ၎င်းတို့၏စက်ရုံများကို ရောဂါကူးစက်ပျံ့နှံ့မှုကာလအတွင်း Ventilator များကဲ့သို့သော အခြားဆေးဘက်ဆိုင်ရာ ထောက်ပ့ံရေးပစ္စည်းများ ထုတ်လုပ်ရေးသို့ ပြောင်းလဲရန် ကမ်းလှမ်းထားကြကြောင်း သိရသည်။ Major League Baseball အတွက် တရားဝင်ဝတ်စုံများ ထုတ်လုပ်သည့် Fanatics ကုမ္ပဏီသည် PPE ဝတ်စုံ လုံလောက်မှုမရှိသည့် ကျန်းမာရေးဝန်ထမ်းများကို ကူညီရန် ကြိုးပမ်းမှုအဖြစ်ပင် ဆယ်ဗေးနီးယားရှိ ၎င်းတို့၏ စက်ရုံတွင် နှာခေါင်းစည်းများနှင့် ဆေးရုံသုံးဝတ်စုံများကို စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း မတ် ၂၆ ရက်တွင် ကြေညာခဲ့သည်။
ရောဂါကူးစက်ခံရသည့် ဆရာဝန်များနှင့် အခြားကျန်းမာရေးဝန်ထမ်းများအပေါ် တိုက်ရိုက် ရိုက်ခတ်ချက်များအပြင် ဆေးကုသရေးပရော်ဖက်ရှင်နယ်များ ပြတ်လပ်မှုက ရောဂါကူးစက်မှုများ အလျင်အမြန် ဆက်လက်ဖြစ်ပွားနေချိန်၌ ကုသမှုလိုအပ်နိုင်သည့် ပြည်သူများအပေါ် အကြီးအကျယ်ထိခိုက်စေနိုင်သော အကျိုးဆက်များ ဖြစ်ပေါ်လာစေနိုင်သည်ဟု ပညာရှင်များက သတိပေးထားသည်။ မည်သို့ပင်ဆိုစေ၊ မြန်မာနိုင်ငံ၌လည်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု ကြီးမားလာနိုင်ခြေရှိသောကြောင့် ဆရာဝန်များနှင့် အခြားကျန်းမာရေးဝန်ထမ်းများအား လက်နက်မပါဘဲ စစ်ပွဲသို့ စေလွှတ်ခြင်းမျိုး မဖြစ်ရလေအောင် လုံလောက်သည့် ပြင်ဆင်မှုများ ရှိထားရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (မတ်လ ၂၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









