ရပ်တန့်နိုင်ရန်အတွက် လျင်မြန်အားကောင်းသည့် နည်းလမ်းများကို ကျင့်သုံးနေလျှင်ပင် ယခုနှစ်အတွင်း ကမ္ဘာတစ်လွှား ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူ ၁.၈ သန်း ကျော်နိုင်သည်ဟု မတ် ၂၆ ရက်တွင် ထုတ်ပြန်သည့် ဗြိတိန်နိုင်ငံ Imperial College မှ လေ့လာချက်တစ်ရပ်က ခန့်မှန်းထားသည်။
ရောဂါပိုးစစ်ဆေးခြင်း၊ ရောဂါခြေချုပ်ချထားခြင်းနှင့် လူချင်း ခပ်ခွာခွာနေထိုင်ခြင်းကို အကြီးအကျယ် ကျင့်သုံးခြင်းတို့အပါအဝင် တိကျသည့် ပြည်သူ့ကျန်းမာရေးနည်း လမ်းများကို အစိုးရအဖွဲ့များက အလျင်အမြန် ချမှတ်လုပ်ဆောင်ပါက လူပေါင်း ကုဋေနှင့်ချီသော အသက်များကို ကယ်တင်နိုင်လိမ့်မည်ဟု သုတေသနပြုလုပ်သူများက ပြောကြားခဲ့သည်။
၎င်း၏ ယခင်သုတေသနက ဗြိတိန်အစိုးရအား ဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် အားထုတ်မှုများ မြှင့်တင်ရေးကို လှုံ့ဆော်ပေးခဲ့သည့် လန်ဒန်မြို့ရှိ Imperial College မှ နောက်ဆုံးအစီရင်ခံစာသည် AFP သတင်းဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့၏ စာရင်းဇယားများအရ COVID-19 ရောဂါကြောင့် သေဆုံးသူ ၂၂,၀၀၀ နှင့် ရောဂါကူးစက်ခံရသူ ၅၀၀,၀၀၀ ရှိလာချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။
Imperial College ၏ ပုံစံတူဖန်တီးမှု ပြုလုပ်ခြင်းသည် ဗိုင်းရပ်စ်၏ ပြင်းထန်မှု၊ ကူးစက်နိုင်စွမ်းနှင့် ခန့်မှန်းသေနှုန်းတို့အပြင် အသက်အပိုင်းအခြားအလိုက် တည်ရှိမှုနှင့် လူ့အသိုင်းအဝိုင်းဆိုင်ရာ အကြောင်းခြင်းရာများတို့နှင့် ပတ်သက်သည့် လက်ရှိအချက်အလက်များအပေါ် အခြေခံထားသည်။
လုံးဝ ကြားဝင်ဆောင်ရွက်မှု မရှိပါက မည်သို့ဖြစ်လာနိုင်သနည်းဟူသည်နှင့်ပတ်သက်၍ အလေးအနက်ဆင်ခြင်သုံးသပ်သည့် တွက်ချက်မှုတစ်ရပ်တွင် လေ့လာချက်က ယင်းကဲ့သို့ဆိုလျှင် ယခုနှစ်အတွင်း ကမ္ဘာ ပေါ်ရှိ လူတိုင်းနီးပါး ရောဂါကူးစက်ခံရနိုင်ပြီး လူပေါင်း သန်း ၄၀ နီးပါး အသက်ဆုံးရှုံးရနိုင်သည်ဟု ဆိုသည်။
ယင်းနောက် လေ့လာချက်သည် မိမိတို့ဘာသာ လူချင်းခပ်ခွာခွာနေခြင်းမှသည် (ယခုအခါ အဆိုးရွားဆုံးသက်ရောက်ခံရသည့် နိုင်ငံအချို့တွင် လက်ရှိကျင့်သုံးနေသည့်) တင်းကျပ်စွာ Lockdown ချထားခြင်း နည်းလမ်းများအထိ ကွဲပြားခြားနားသည့် တုံ့ပြန်မှု အဆင့်အမျိုးမျိုးကို ကြည့်ပြီး နိုင်ငံပေါင်း ၂၀၂ နိုင်ငံစလုံး၌ ဖြစ်နိုင်ခြေရှိသည့် ကျန်းမာရေးဆိုင်ရာရိုက်ခတ်ချက်များကို တွက်ချက်ကြည့်ခဲ့သည်။
တိကျသော ထိန်းချုပ်ကန့်သတ်မှု နည်းလမ်းများကို အစောပိုင်းတွင် ထိရောက်စွာ ချထားနိုင်လျှင်ပင် သီတင်းတစ်ပတ်တွင် လူပေါင်း ၁၀၀,၀၀၀ ၌ သေဆုံးသူ ၀.၂ ဦးနှုန်း ရှိမည်ဖြစ်ပြီး ပုံစံထုတ်မှုတွင် ယခုနှစ်အတွင်း လူပေါင်း သန်း ၄၇၀ နီးပါး ကူးစက်ခံရကာ ၁.၈၆ သန်း သေဆုံးမည်ဖြစ်ကြောင်း ပြသနေသည်။
ယင်းကဲ့သို့သော နည်းလမ်းများကို နောက်ကျပြီးမှ ဆောင်ရွက်ပါက သီတင်းတစ်ပတ်တွင် လူပေါင်း ၁၀၀,၀၀၀ ၌ သေဆုံးသူ ၁.၆ ဦးနှုန်း ရှိမည်ဖြစ်ပြီး လူပေါင်း ၂.၄ ဘီ လျံ ကူးစက်ခံရကာ သေဆုံးသူ ၁၀.၄၅ သန်း ရှိလာသည်အထိ အကြီးအကျယ် မြင့် တက်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
ယခုလေ့လာချက်တွင် ထိန်းချုပ်ကန့်သတ်မှုနည်းလမ်းများကြောင့် ထိခိုက်ဆုံးရှုံးမည့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ကုန်ကျမှုများကို ထည့်သွင်းထားခြင်း မရှိပေ။ ယင်းတို့သည် လွန်စွာမြင့်မားမည်ဖြစ်ပြီး ဝင်ငွေနိမ့်ပါးသည့် နောက်ခံများတွင် အချိုးအစား မညီမျှစွာ ဖြစ်ပေါ်လိမ့်မည်ဟု ဆိုသည်။
မည်သို့ပင်ဆိုစေ၊ Imperial College ၏ လေ့လာချက်က လာမည့် သီတင်းပတ်များနှင့် လများအတွင်း အစိုးရအဖွဲ့အားလုံး ရင်ဆိုင်နေရသည့် စိန်ခေါ်မှုဖြစ်နေသော ဆုံး ဖြတ်ချက်များကို မီးမောင်းထိုးပြနေပြီး လူသန်းပေါင်းများစွာ၏ အသက်ကို ကယ်တယ်နိုင်ရန်အတွက် ယခုအခါ အစိုးရအဖွဲ့များ၏ လျင်မြန်သော၊ တိကျပြတ်သားသော၊ အားလုံးကို လွှမ်းခြုံနိုင်သော လုပ်ဆောင်ချက်များက မည်မျှအရေးပါသည်ကို ဖော်ပြနေပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (မတ်လ ၂၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









