မန္တလေး-ပြင်ဦးလွင် အဆင်းလမ်းတွင် ၂၂ ဘီးတွဲကား ယာဉ် ဘရိတ်ပေါက်၍ အိမ်စီးကားတစ်စီးကို တိုက်မိပြီး ချောက်အတွင်း ထိုးကျကာ ခုနစ်နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် လူလေးဦးသေဆုံး

မန္တလေး-ပြင်ဦးလွင် အဆင်းလမ်းတွင် ၂၂ ဘီးတွဲကား ယာဉ် ဘရိတ်ပေါက်၍ အိမ်စီးကားတစ်စီးကို တိုက်မိပြီး ချောက်အတွင်း ထိုးကျကာ ခုနစ်နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် လူလေးဦးသေဆုံး
Published 25 March 2020
မင်းသန့်၊ ဌေးလှအောင်

မန္တလေး-ပြင်ဦးလွင်ကားလမ်း မိုင်တိုင် အမှတ် ၁၉ အနီး၊ အဆင်းလမ်းတွင် မတ် ၂၄ ရက် နံနက်ပိုင်းက ၂၂ ဘီး တွဲကားယာဉ်မှ အိမ်စီးကားတစ်စီးကို ဝင်ရောက်တိုက်မိကာ လမ်းဘေးရှိ ပေ ၃၀ အနက် ချောက်အတွင်း ထိုးကျမှုဖြစ်ပွားခဲ့ပြီး ယာဉ်နှစ်စီးလုံးပေါ်ရှိ လိုက်ပါလာသူ လေး ဦးစလုံးမှာ အခင်းဖြစ် နေရာတွင် သေဆုံးခဲ့ကြောင်း ပြင်ဦးလွင် မြို့နယ်၊ ပြင်စာနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေး-ပြင်ဦးလွင်ကားလမ်း မိုင်တိုင်အမှတ် ၁၉/၃ နှင့် ၁၉/ ၄ အ ကြား၊ အဆင်းလမ်းတွင် မတ် ၂၄ ရက် နံနက် ၉ နာရီခွဲဝန်းကျင်ခန့်က ပြင်ဦးလွင်ဘက်မှ မန္တလေးသို့ ၃၆ နှစ်အရွယ် အမျိုးသမီး တစ်ဦး မောင်းနှင်လာသည့် ဟွန်ဒါဖစ်ယာဉ်ကို နောက်မှမောင်းနှင်လာသည့် ၂၂ ဘီးတွဲကား ယာဉ်က ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဖြစ်ကာ ဝင်ရောက်တိုက်မိခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်တိုက်မိမှုကြောင့် ယာဉ်နှစ်စီးစလုံး လမ်း၏ ယာဘက်ရှိ အနက်ပေ ၃၀ ခန့် ချောက် အတွင်းသို့ ထိုးကျသွားခဲ့ကာ ဟွန် ဒါဖစ် အနက်ရောင်ယာဉ် မောင်းနှင်လာသူ မ---(၃၆)နှစ်မှာ ဦးခေါင်းဖူးရောင်ဒဏ်ရာရရှိခဲ့ပြီးနောက် အခင်းဖြစ်နေရာ၌ သေဆုံး ခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးယာဉ်မောင်းနှင့်အတူ ယာဉ်ပေါ်၌လိုက်ပါလာသည့် ခုနစ်နှစ်အရွယ် မိန်းကလေးငယ်မှာလည်း ဝဲနားနောက် ဖူးရောင်ညိုမည်း၊ ဝဲခါးစုတ် ပြတ် ၊ ပွန်းပဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း၊ ထို့အတူ ဟွန်ဒါဖစ်ယာဉ်အား တိုက်မိပြီး ချောက်အတွင်းထိုး ကျ ခဲ့သည့် ၂၂ ဘီး တွဲကားယာဉ်မောင်းမှာ မျက်နှာစုတ်ပြဲ၊ ရင်ဘတ်ညိုမည်း ၊ဝဲယာဝမ်း ဗိုက်ပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ၎င်းင်း ယာဉ်နောက်လိုက်ဖြစ်သူမှာ ဦးခေါင်းပြတ်၊ဝဲ/ယာလက်ဖူးရောင်ပေါက်ပြဲ ၊ ရင်ဘတ် ပွန်းပဲ့ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ပြင်စာနယ်မြေရဲစခန်း၏မှတ်တမ်းများအရ သိရှိရသည်။

“ဖြစ်စဉ်က မနက် ၉ နာရီကျော်လောက် မှာဖြစ်သွားတာ ။ ဟွန်ဒါဖစ်ကားကို တွဲကား က ဘရိတ်ပေါက် အရှိန်မထိန်းနိုင်ဘဲ ဝင် ချိတ်ပြီး နှစ်စီးစလုံး ချောက်ထဲ ထိုးကျသွား တာ ။ ဟွန်ဒါဖစ်ကတော့ တွဲကားက ချိတ်ဆွဲ သွားသလိုဖြစ်ပြီး ပါသွားတာပေါ့ ။ အဲ့လို ဖြစ် တော့ တွဲကားယာဉ်နောက်လိုက်က ခုန်ချပုံ ရတယ်။ လမ်းဘေးပေါ်မှာတင် အသားစ တွေ စုတ်ပြတ်ကျန်ခဲ့တာ တွေ့ရတယ် ။ ဖြစ် ပြီးပြီးချင်း ကယ်ဆယ်ဖို့ ဆောင်ရွက်တဲ့အခါ လူတွေက ကားထဲမှာ ညပ်နေလို့ ခက်ခက် ခဲခဲ ထုတ်ယူခဲ့ရတယ် ။ ဒီဖြစ်ရပ်မှာ ရှေ့ကား က လမ်းဘေးရပ်ပြီး ဓာတ်ပုံရိုက် ဆဲလ်ဖီ ဆွဲ နေတယ်ဆိုတာ မဟုတ်ပါဘူး။ သူ့ဘာသာ သူ မောင်း နေတာကို တိုက်ခံရပြီး ချောက်ထဲ ပါသွားတာ” ဟု ပြင်စာနယ်မြေရဲစခန်းမှ ရဲရာရှိတစ်ဦးက ပြောကြားသည်။

ယင်းသို့ ဖြစ်ပွားမှုကို ဗဟိုမီးသတ်သင် တန်းကျောင်းမှ တပ်ဖွဲ့ဝင်များ၊ Myanmar Rescue တိုင်းရုံးအဖွဲ့ ၊ စေတနာမွန် လူမှုကူညီရေး(အုန်းချော)နှင့် မန္တလေး ပြည်ကြီးတံခွန် နန်းရှေ့မှ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များမှ ကားအတွင်း ညပ်ပိတ်နေမှုကို ကယ်ထုတ်ခဲ့ကာ မန္တလေး ပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားသည့် မိုင်တိုင်အမှတ် ၁၉/၃ နှင့် ၁၉/၄ မှာ အဆင်း ရှည်လျားသည့် အကွေ့ကြီးသော နေရာတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ YGN  6J/ 9585 Nissan GE-13  ၂၂ ဘီး တွဲကားအား မောင်းနှင်သူ ယာဉ်မောင်း ဦးထွန်းထွန်း(သေဆုံး)အား ယာဉ်(ပ)၁၁/ ၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ ပြင်စာနယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent